ရန်ကုန် ဇန်နဝါရီ ၁၃
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ်ကာလအတွင်း စားသောက်ရေးအခက်အခဲရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စု (၆၀၀) အတွက် အခြေခံ စားသောက်ကုန်များနှင့် Mask များကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ယမန်နေ့နံနက် ၁၁ နာရီအချိန်က သိမ်ဖြူမီးရထားရပ်ကွက် နှင့် ဥယျာဉ်ရပ်ကွက်များတွင် လာရောက်လှူဒါန်း ပေးခဲ့ကြောင်းသိရသည်။
ထိုသို့လှူဒါန်းရာတွင် အိမ်ထောင်စုတစ်စုလျှင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန် (၆) ပြည်၊ ဆီ (၁) လီတာ၊ ငါးသေတ္တာ (၅) ဘူးနှင့် Mask (၁၀) ခုတို့ကို သိမ်ဖြူမီးရထားရပ်ကွက်ရှိ အခြေခံအိမ်ထောင်စု ( ၄၂၀) စု နှင့် ဥယျာဉ်ရပ်ကွက်ရှိ အခြေခံအိမ်ထောင်စု (၁၈၀) စု တို့အတွက် လှူဒါန်းခဲ့ရာ စုစုပေါင်းတန်ဖိုး ငွေကျပ် (၆,၄၈၁,၈၀၀) ကျပ်ဖိုး လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
အဆိုပါလှူဒါန်းမှုများကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများက လာရောက်လှူဒါန်း ပေးခဲ့ပြီး မင်္ဂလာတောင်ညွန့်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌတို့မှ လက်ခံရယူခဲ့ကြကာ အခြေခံအိမ်ထောင်စု (၆၀၀) ထံသို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ကာကွယ်ရေးနှင့်အညီ လူစုလူဝေးမဖြစ်ပေါ်စေရန် အိမ်တိုင်ရာရောက် လိုက်လံဖြန့်ဝေ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
ချစ်စုဝေ (ပြန်/ဆက်)