တပ်ကုန်း မတ် ၂၇
(၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် အေးချမ်းသာစံပြကျေးရွာအုပ်စု၊ အေးချမ်းသာစံပြကျေးရွာတွင် ရွာအတွင်းလမ်း၊ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့နံနက် (၈)နာရီက အဆိုပါလမ်းသစ်မုခ်ဦးရှေ့၌ ကျင်းပခဲ့သည်။
ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲတွင် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးက မိမိတို့နိုင်ငံလူဦးရေရဲ့ (၇၀%)ခန့်ဟာ ကျေးလက်ဒေသမှာ နေထိုင်ကြသူများဖြစ်တဲ့အတွက် ကျေးလက်နေပြည်သူများရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်အစိုးရအနေဖြင့် ကျေးလက်နှင့်မြို့ပြများအကြား ဖွံ့ဖြိုးမှုကွာဟချက်များ ကျဉ်းမြောင်းစေရေးနှင့် ဆင်းရဲမှုလျော့ချနိုင်ရေးအတွက် မူဝါဒများ၊ ရည်မှန်းချက်များ၊ မဟာဗျူဟာများရေးဆွဲချမှတ်ပြီး ဘက်စုံ၊ ကဏ္ဍစုံဖွံ့ဖြိုးရေး အစီအစဉ်များ မြန်ဆန်သွက်လက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့ရပ်ရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ရေရှည်အကျိုးရှိစွာ အသုံးပြုနိုင်ရေး ဒေသခံပြည်သူများ ဝိုင်းဝန်းထိန်းသိမ်းပေးကြရန် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းညွှန်ကြားရေးမှူး ဦးစိုးမောင်က နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ ဦးဇေယျာလင်း၊ ဦးမင်းဦးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးသန်းတို့အား ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အထိမ်းအမှတ်လက်ဆောင်များ ပေးအပ်ခဲ့ပြီးနောက် အေးချမ်းသာစံပြကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးမော်စိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး၊ ဦးဇေယျာလင်း၊ ဦးမင်းဦးနှင့် ဥတ္တရခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံထူးတို့က ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးပြီး၊ ကွန်ကရစ်လမ်းသစ်အား လိုက်လံကြည်ရှု့စစ်ဆေးခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးနှင့် ကောင်စီဝင်များသည် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ ချိတ်ဆက်ခြင်းဆိုင်ရာများကို နေပြည်တော် ဇမ္ဗူသီရိခန်းမတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံခဲ့ရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးက ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် MSME လုပ်ငန်းများ စီးပွားရေးချိတ်ဆက်နိုင်ရေး၊ နေပြည်တော်ဟာ မြန်မာနိုင်ငံရဲ့မြို့တော်ဖြစ်ပြီး ဒေသအနေအထားအရ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံနှင့်မဟာမဲခေါင်ဒေသခွဲ စီးပွားရေးစင်္ကြံ လမ်းမပေါ်တွင် တည်ရှိတာကြောင့် မဟာဗျူဟာကျတဲ့ ဒေသတစ်ခုဖြစ်ခြင်း၊ ရေ၊ မြေ၊ ရာသီဥတု ကောင်းမွန်ခြင်း၊ စိုက်ပျိုးမြေဧရိယာပေါများခြင်း၊ အခြေခံအဆောက်အဦ ပြည့်စုံခြင်းတို့ကြောင့် ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်ရန် အခွင့်အလမ်းများစွာရှိကြောင်း၊ လက်ရှိအချိန်မှာ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံအတွင်းမှာ လုပ်သာကိုင်သာရှိတဲ့ ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကောင်းတစ်ရပ် ပေါ်ထွန်းဖို့အတွက် မူဝါဒဆိုင်ရာ၊ လုပ်ထုံးလုပ်နည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှု၊ ပံ့ပိုးအားပေးမှုတွေကို စိန်ခေါ်မှုတွေ၊ အခက်အခဲတွေရှိတဲ့ကြားကနေ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အဓိကထားဆောင်ရွက်ပြီး၊ Green City Clean City | Smart City အဖြစ် တိုးတက်အောင်ဆောင်ရွက်ရေး၊ နေပြည်တော်အတွင်း ရင်းနှီးမြှုပ်နှံမှုများ ပိုမိုစီးဝင်လာစေရေးအတွက် အထူးအလေးထား တိုက်တွန်းအားပေးနေသလို၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများဆောင်ရွက်ရန် လိုအပ်တဲ့မြေရရှိရေး၊ စက်မှုဇုန်အသစ်များ ဖော်ဆောင်ခြင်းနှင့် ဖော်ဆောင်ပြီးစက်မှုဇုန်များတွင် ထုတ်လုပ်မှုလုပ်ငန်းများကို ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ဆောင်ရွက်လာစေရေးနှင့် မွေးမြူရေးဇုန်များ အပြည့်အဝ အကောင်အထည်ဖော်လာစေရေး တိုက်တွန်းဆောင်ရွက်နေကြောင်း၊ နေပြည်တော်အတွင်း ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေး အထူးအလေးထားဆောင်ရွက်နေပြီး၊ မူဝါဒနဲ့ကိုက်ညီတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို အချိန်ကြန့်ကြာမှုမရှိစေဘဲ စိစစ်ခွင့်ပြုပေးနိုင်ရေး၊ ယနေ့ဆွေးနွေးပွဲကတစ်ဆင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာ အကြီးစားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် MSME လုပ်ငန်းများအကြား ချိတ်ဆက်ဆောင်ရွက် (Business Linkage) နိုင်ပြီး မိမိတို့ရဲ့လုပ်ငန်းများနှင့် ဆက်စပ်ဆောင်ရွက်ကြရမယ့် လုပ်ငန်းတွေမှာ အားကောင်းစွာနဲ့ ပူးပေါင်းဆောင်ရွက်လာနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းများဦးစီးဌာနမှ တာဝန်ရှိသူများက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် နေပြည်တော်၏ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ပုဂ္ဂလိက စက်မှုမှတ်ပုံတင်လုပ်ငန်းများနှင့် ရင်းနှီးမြှပ်နှံမှုဆိုင်ရာ ချိတ်ဆက်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းများဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တင်စိုးလွင်