စစ်တွေ မတ် ၂၇
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ စစ်တွေမြို့၊ ဦးရဲကျော်သူကျောင်းတိုက်၌ သကျမုနိသိမ်တော်ကြီးနှင့် ဦးရဲကျော်သူကျောင်းပင်မကျောင်းဆောင်ပြုပြင်ခြင်း ရေစက်ချ အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ဦးရဲကျော်သူကျောင်းတိုက်ရှိ သကျမုနိသိမ်တော်ကြီး၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာဦး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ စစ်တွေတပ်နယ်မှ တပ်မတော်အဆင့်မြင့်အရာရှိကြီးများ၊ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ဦးရဲကျော်သူကျောင်းတိုက်၌ သကျမုနိသိမ်တော်ကြီးရှိ ဘုရားကြီးအားဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးများကပ် လှူပူဇော်ကြသည်။ ထို့နောက်အခမ်းအနားကို ကြွရောက်တော်မူကြသော ဆရာတော်၊ သံဃာတော်များနှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြသည်။
ဆက်လက်၍ ပြည်နယ်ဩဝါဒါစရိယ၊ စစ်တွေမြို့၊ နန္ဒာရာမပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တနန္ဒသိရီ မဟာထေရ်မြတ်ထံမှ ပြည်နယ် ဝန်ကြီးချုပ် အမှူးပြုသောဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်အရှင် သူမြတ်တို့က ပရိတ်တရားတော်များကို ရွတ်ပွားချီးမြှင့်တော်မူကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် မြို့နယ်၏ဩဝါဒါစရိယ၊ စစ်တွေမြို့၊ ပညာလင်္ကာရကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနာဂိ မဟာထေရ်မြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသောဧည့်ပရိတ်သတ်များက အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ဦးရဲကျော်သူကျောင်းတိုက်၌ သကျမုနိသိမ်တော်ကြီးနှင့် ဦးရဲကျော်သူကျောင်း ပင်မကျောင်းဆောင်ပြုပြင်ခြင်း မှတ်တမ်းဓာတ်ပုံများအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။
တင်ထွန်း (ပြန်/ဆက်)