ငါန်းဇွန် မတ် ၂၆
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ မတ်လ(၂၅)ရက်နေ့နံနက် (၈) နာရီမှ မတ်လ(၂၆) ရက်နေ့ နံနက်ပိုင်းအထိ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ စီမံကွပ်ကဲမှုဖြင့် မြို့နယ်ဆီလုပ်ငန်းရှင် ကြီးများအသင်းမှ မြို့ပေါ်(၄) ရပ်ကွက်ရှိ အိမ်ထောင်စုဝင်ပြည်သူများအား အိမ်ထောင်စုတစ်စုလျှင် စားအုန်းဆီ တစ်ပိဿာ (၇၉၀၀)ကျပ်နှုန်းဖြင့် ဈေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ်အတွင်းရှိ ပြည်သူများစားသုံးရန် တစ်ရက်လျှင်စားအုန်းဆီ ၁၃၂၀ ပိဿာနှုန်း ခွဲတန်းရရှိခဲ့ရာ ငါန်းဇွန်မြို့နယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ စီမံကွပ်ကဲမှုဖြင့် မြို့နယ်ဆီလုပ်ငန်း ရှင်ကြီးများအသင်းမှ ဖြန့်ဝေဆောင်ရွက်ပေးခဲ့သည်။ မြို့ပေါ် (၄) ရပ်ကွက်မှ အိမ်ထောင်စုဝင်များအား တစ်အိမ်ထောင်လျှင် တစ်လ(၂)ပိဿာနှုန်းဖြင့် နှစ်ကြိမ်ခွဲကာရောင်းချပေးခဲ့ရာ ယခုဒုတိယအကြိမ်အဖြစ် စားအုန်းဆီ တစ်ပိဿာလျှင် (၇၉၀၀) ကျပ်နှုန်းဖြင့် ဈေးနှုန်း သက်သာစွာရောင်းချပေးခဲ့ကြောင်း သိရသည်။ စားအုန်းဆီများကို မြို့ပေါ်ရှိ အိမ်ထောင်စုဝင် (၃၀၀၀) အိမ်ထောင်စုအား ဖြန့်ဝေပေးရန်လျာထားခဲ့ပြီး မြို့ပေါ်ဆီဆိုင်များဖြစ်သော ဦးကျော်မင်း၊ ဒေါ်မြင့်မြင့်မူ၊ ဦးကံသာ၊ ဦးသန့်ဇင်ဝင်းနှင့် ဒေါ်သန့်သန့်ဆီဆိုင်များမှ ဖြန့်ဝေရောင်းချခဲ့ရာ အိမ်ထောင်စုဝင်စုစုပေါင်း (၂၁၃၁) ဦးဝယ်ယူခဲ့ကြောင်း သိရသည်။ ထို့ပြင် မြို့နယ်ရှိဝန်ထမ်း(၁၁၀၀)ဦးနှင့် ပင်စင်စား(၄၀)ဦးကို ဦးသန့်ဇင်ဝင်း၊ ဦးကံသာ၊ ဒေါ်မြင့်မြင့်မူ ဆီဆိုင်များမှလည်းကောင်း၊ စစ်ဘေးရှောင် ပြည်သူများကို ဒေါ်မြင့်မြင့်မူ ဆီဆိုင်မှလည်းကောင်း စားအုန်းဆီများ ဖြန့်ဝေရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ်၊ ဆီလုပ်ငန်းရှင်များအသင်းမှ မြို့နယ်အတွင်းရှိကျေးရွာများမှ ဆီကိုယ်စားလှယ် (၉၇) ဦးအား စားအုန်းဆီများကို အပတ်စဉ်ဖြန့်ဝေပေးလျက်ရှိရာ ဆီကိုယ်စားလှယ်တစ်ဦးလျှင် စားအုန်းဆီတစ်ပိဿာ (၇၉၀၀) ကျပ်နှုန်းဖြင့် တစ်လလျှင်(၄၀) ပိဿာခန့် ဖြန့်ဝေပေးလျက်ရှိကြောင်း မြို့နယ်ဆီလုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။
ကိုကိုနိုင်(ပြန်/ဆက်)