ခရမ်း မတ် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ယခုအခါ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ အလုပ်ရုံများ၊ ဈေးများနှင့် ဒေသခံပြည်သူများ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စဉ်ဆက်မပြတ် အသိပညာပေးဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံး၌ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာ၌ မြို့နယ်မီးသတ်ဦးစီးမှူး ဦမြတ်စိုးမိုး ဦးဆောင်သည့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက အသိပညာပေးပြောကြားရာတွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရန်အချက်များ၊ မီးလောင်ရသည့်အကြောင်းရင်းများ၊ မီးဘေးကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ မီးလောင်မှုဖြစ်ပွားပါက လုပ်ဆောင်ရမည့်နည်းလမ်းများ၊ မီးသတ်ဆေးဘူးအကြောင်းနှင့် အသုံးပြုနည်းများရှင်းပြခြင်း၊ 191 Report Application အားထည့်သွင်းအသုံးပြုစေရေး ရှင်းလင်းပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းများကို မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ခင်နှင်းဝေ(ခရမ်း-ပြန်/ဆက်)