သမိုင်းဝင်ကျိုက္ကစံ ဆံတော်ရှင်စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ထီးတော် ရောင်တော်ဖွင့်ပူဇော်ခြင်းနှင့် ရွှေစင်ရွှေပြား၊ ရွှေမျက်ပါးတို့အား ရွှေပန္နက်ချ စတင်ကပ်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပ

ရန်ကုန် မတ် ၂၆

သမိုင်းဝင်ကျိုက္ကစံ ဆံတော်ရှင်စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ထီးတော် ရောင်တော်ဖွင့်ပူဇော်ခြင်းနှင့် ရွှေစင်ရွှေပြား၊ ရွှေမျက်ပါးတို့အား ရွှေပန္နက်ချ စတင်ကပ်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ အဆိုပါစေတီတော်မြတ်ကြီးတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က စေတီတော်မြတ်ကြီး၏ အနောက်ဘက်မုခ် အာရုံခံတန်ဆောင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်နှင့် စေတီတော်မြတ်ကြီး အောင်မြေထောင့်တို့တွင် ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးများ ဆွမ်းကပ်လှူပူဇော်ပြီး ပန်းရထားဖြင့် ရွှေစင်ရွှေပြား ပင့်ဆောင်ပူဇော်ကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က စေတီတော်မြတ်ကြီး၏ အထက်ပစ္စယာသို့တက်ရောက်ပြီး မင်္ဂလာအချိန်တွင် စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား ရောင်တော်ဖွင့် ပူဇော်ကြသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က စေတီတော်မြတ်ကြီးအား လှူဒါန်းထားသော ရွှေစင်ရွှေပြားများအား ရွှေပန္နက်ချစတင်ကပ်လှူပူဇော်ပြီး အမွှေးနံသာရည်များ ပက်ဖျန်းပေးကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က စေတီတော်မြတ်ကြီး၏ နှစ်ကျိပ်ရှစ်ဆူဓမ္မာရုံ၌ စေတီမြတ်ကြီးအား ရွှေစင်ရွှေပြားကပ်လှူပူဇော်ရန် အလှူငွေများကို ပေးအပ်လှူဒါန်းရာ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များက လက်ခံရယူခဲ့ပြီး သာဓုအနုမောဒနာ ဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)