ပင်းတယမြို့၌ အိမ်မွေးခွေးများအား ခွေးရူးပြန်ကာကွယ်ဆေးများ နေရာအရောက် လိုက်လံထိုးနှံပေးခြင်း လုပ်ငန်းများ ဆောင်ရွက်

ပင်းတယ    ဇန်နဝါရီ     ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ မြို့ပေါ်ရပ်ကွက်များနှင့် ဌာနဆိုင်ရာရုံးများ၌ မွေးမြူ ထားသောခွေးများအား ခွေးရူးပြန်ကြိုတင် ကာကွယ်ဆေးများကို ယနေ့တွင် နေရာအရောက် လိုက်လံထိုးနှံပေးခြင်း လုပ်ငန်း ကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ ခွေးရူးပြန်ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မွေးမြူရေးနှင့် ကုသရေးဦးစီးမှူး ဒေါက်တာအောင်လွင်၊ မြို့နယ်ဦးစီးအရာရှိ ဒေါက်တာမင်းဇော်နှင့် ဝန်ထမ်းများက ပင်းတယမြို့ရှိ ရုံးဌာနများနှင့် ရပ်ကွက် နေအိမ်များတွင် မွေးမြူထားသော အိမ်မွေးခွေး (၇၇) ကောင်တို့အား ပထမအကြိမ် ခွေးရူးကာကွယ်ဆေးများ နေရာအရောက် လိုက်လံထိုးနှံပေးခဲ့ကြကြောင်း သိရှိရသည်။

ပင်းတယမြို့နယ်၌ “ခွေးရူးကင်းစင်မြန်ပြည်တစ်ခွင် ၂၀၃၀ တွင်” ဆောင်ပုဒ်အတိုင်း ခွေးရူးပြန်ကာကွယ်ဆေးများကို စဉ်ဆက်မပြတ် လိုက်လံထိုးနှံပေးသွားများမည်ဖြစ်ပြီး မိမိတို့၏ အိမ်မွေးခွေးများကို မြို့နယ်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန ရုံး၌ ခွေးရူးပြန်ကာကွယ်ဆေးများ လာရောက်ထိုးနှံပေးနိုင်ကြောင်းလည်း သိရသည်။

အောင်ကိုဦး(ပင်းတယ)