မှော်ဘီမြို့နယ်၌ (၈၁)နှစ်မြောက် တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆိုလာစနစ်ဖြင့် အထက်စု(မြစ်ကျိုး)မြစ်ရေတင်နှင့် ကျေးရွာမီးလင်းရေးစီမံကိန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန် မတ် ၂၆

(၈၁)နှစ်မြောက် တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆိုလာစနစ်ဖြင့် အထက်စု(မြစ်ကျိုး) မြစ်ရေတင်နှင့် ကျေးရွာမီးလင်းရေးစီမံကိန်း ဖွင့်ပွဲအခမ်းအနားကို မတ်လ ၂၄ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၊ မြစ်ကျိုးကျေးရွာတွင်ကျင်းပရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒေသခံတောင်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်နိုင်ဦးက လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် တောင်သူများကိုယ်စား ဒေသခံတောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အထက်စု(မြစ်ကျိုး)ရေတင်လုပ်ငန်းဆိုင်ရာ အချက်အလက်များကို APQ ကုမ္ပဏီမှ တာဝန်ရှိသူက ပေးအပ်ရာ ရန်ကုန်တိုင်းဒေသကြီး၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်နိုင်ဦးက လက်ခံရယူခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ထို့နောက် ဆိုလာစနစ်ဖြင့် အထက်စု(မြစ်ကျိုး)မြစ်ရေတင်နှင့် ကျေးရွာမီးလင်းရေးစီမံကိန်းဖွင့်ပွဲကို ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်နိုင်ဦးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က ဆိုလာစနစ်ဖြင့် အထက်စု(မြစ်ကျိုး)မြစ်ရေတင်နှင့် ကျေးရွာမီးလင်းရေးစီမံကိန်းကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖျော်ဖြေရေးအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်သည်။

ယခုဖွင့်လှစ်သည့် ရေတင်စီမံကိန်း 900 kW Solar တပ်ဆင်ခြင်းလုပ်ငန်းတွင် 720 W Solar အချပ်ရေ (၁၃၄၄)ချပ် တပ်ဆင်ထားပြီး (၁၄)ချပ်ပါ String (၉၆) ခု ပါဝင်ကာ ရေမောင်းနှင်ရန်နှင့် ကျေးရွာမီးလင်းရေးအတွက် 110 kW On-Grid Inverter (8) Set ပါဝင်ပြီး 0.4/11 kV(900) kVA Transformer (1) Set ပါဝင်ကာ 280 kW Motor နှင့် 40 Cusec Pump များအား Solar System တွဲဖက်တပ်ဆင်မောင်းနှင်၍ နွေးစပါးစိုက်ဧက(၁၈၀၀)ကို ရေပေးဝေနိုင်မည်ဖြစ်ရာ မြစ်ရေတင်လုပ်ငန်းတွင် လျှပ်စစ်ဓာတ်အားကိုအသုံးမပြုဘဲ နေ့အခါ ဆိုလာမှရရှိသော လျှပ်စစ်ဖြင့် တစ်ရက်လျှင် (၆)နာရီနှုန်းဖြင့် 280 kW Motor နှင့် 40 Cusec Pump များအား မောင်းနှင်ပါက နွေသီးနှံတစ်ရာသီ ရက်ပေါင်း(၁၂၀)အတွက် (၅၃၇၁၀၀) ကီလိုဝပ်နာရီကိုအသုံးပြု၍ လျှပ်စစ်ဓာတ်အားခ(၂၆၈.၅၅)ကျပ်သန်း သက်သာမည်ဖြစ်ကြောင်းနှင့် စိုက်ပျိုးရေပေးဝေခြင်းမရှိသည့် ကျန်အချိန်တွင် ကျေးရွာမီးလင်းရေးအတွက် အထက်စု(မြစ်ကျိုး)ရွာ၊ အောက်စု(မြစ်ကျိုး)ရွာ၊ စာဖြူစုရွာနှင့် ဇီးတောရွာ စုစုပေါင်းကျေးရွာ(၄)ရွာအတွက် (၈၅၇၅၀၀) ကီလိုဝပ်နာရီကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)