ရတနာပုံတက္ကသိုလ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့်လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်း ဆောင်ရွက်

အမရပူရ  မတ်  ၂၆

အမရပူရမြို့နယ်ရှိ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ်နှင့်မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်မီးသတ်ဦးစီးမှူးရုံးတို့ ပူးပေါင်းဆောင်ရွက်သည့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားနှင့် လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းတို့ကို မတ် ၂၆ ရက် နံနက် ၉ နာရီခွဲက အဆိုပါတက္ကသိုလ်ရှိ အားကစားခန်းမ-၂ ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်း အခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်များဖြစ်ကြသည့်  ဒေါက်တာသွယ်လင်းကို၊ ဒေါက်တာခင်မော်မော်စိုး၊ ဒေါက်တာ ဦးဝင်းနိုင်၊ အမရပူရခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ကိုလင်း၊ မြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်မျိုးထက်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ သင်ကြားရေးနှင့် စီမံရေးရာဌာနများမှ အရာထမ်း၊ အမှုထမ်းများ၊ သက်ဆိုင်ရာအဆောင်မှူးများ၊ အိမ်ရာတာဝန်ခံများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယပါမောက္ခချုပ် ဒေါက်တာသွယ်လင်းကိုက အဖွင့်အမှာစကားနှင့် အသိပညာပေး ဟောပြောပွဲ၊ လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်း ဆောင်ရွက်ရသည့် ရည်ရွယ်ချက်တို့ကို ရှင်းလင်းခဲ့သည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးရုံမှ ဦးစီးအရာရှိ ဦးအောင်မျိုးထက်က မီးလောင်ကျွမ်းရန် လိုအပ်သော အခြေခံအချက် (၃)ချက်၊ မီးငြှိမ်းသတ်နည်းများ၊ မီးသတ်ဆေးဘူးအသုံးပြုပုံ၊ ရုံးအဆောက်အဦ မီးဘေးလုံခြုံရေး၊ အဖွဲ့အစည်းများဖွဲ့စည်း၍ တာဝန်ပေးဆောင်ရွက်ခြင်း (မီးငြှိမ်းသတ်ရေးအဖွဲ့၊ ကယ်ဆယ်ရေးအဖွဲ့၊ လုံခြုံရေးအဖွဲ့၊ ပစ္စည်းသယ်ယူရွှေ့ပြောင်းရေးအဖွဲ့)၊ ဖြစ်ပွားတတ်သည့် မီးလောင်မှုများ၊ လျှပ်စစ်ကြောင့် မီးမလောင်စေရန်၊ ဓာတ်ဆီ၊ အောက်တိန်းဆီ များကြောင့် မီးလောင်မှုဖြစ်ပွားတတ်သည့် အခြေအနေများ၊ သတိပြုရှောင်ကြဉ်ရန် အချက်များ၊ ဂတ်စ်မီးဖိုမီးလောင်မှုနှင့်ငြှိမ်းသတ်ပုံ၊ မီးခိုးအန္တရာယ်နှင့် ကြုံတွေ့လျှင် ဆောင်ရွက်ရမည့် နည်းလမ်းများစသည့် အကြောင်း အရာများကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းအသိပညာပေးခဲ့သည်။ ထို့နောက် တက်ရောက်လာသူများ၏ သိရှိလိုသည့်များကို ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး ဦးစီးအရာရှိ ဦးအောင်မျိုးထက်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူး အသုံးပြု၍ မီးငြှိမ်းသတ်ခြင်းများကို လက်တွေ့သရုပ်ပြ လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)