သပိတ်ကျင်းမြို့ အထက Facility Quarantine Centre တွင်ထားရှိသည့် အနံ့ပျောက်လူနာတစ်ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့ အထက Facility Quarantine Center တွင်ထားရှိသည့် အနံ့/အရသာ ပျောက်ဆုံးနေသူအမျိုးသားတစ်ဦးတွင် ယမန်နေ့ညနေပိုင်းက ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသဖြင့် မြို့နယ် ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။

သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာအုပ်စု၊ လက်ပံပြန့်ကျေးရွာ အသက်(၂၀)နှစ် အမျိုးသား တစ်ဦးသည် ဇန်နဝါရီ(၈)ရက်နေ့က အနံ့/အရသာ မရရှိတော့သဖြင့် သပိတ်ကျင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ လာရောက်ပြသခဲ့ရာ မြို့နယ်ကျန်းမာရေးဌာနမှ လိုအပ်သောကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်ပြီး သပိတ်ကျင်းမြို့၊ ကဘဲ့ရပ်ကွက်၊ အ.ထ.က ရှိ Facility Quarantine Center တွင်ထားရှိကာ ဇန်နဝါရီ(၁၀) ရက်နေ့က အဆိုပါလူနာ၏ နှာခေါင်း၊ အာခေါင်တို့ဖတ်နမူနာအား ရယူဆောင်ရွက်စစ်ဆေးခဲ့ရာ ရောဂါပိုးတွေ့ရှိရသဖြင့် ဇန်နဝါရီ(၁၁)ရက် ညနေ (၁၇:၀၀) နာရီကအချိန်က သပိတ်ကျင်းမြို့ ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါရောဂါပိုးတွေ့ရှိသူလူနာနှင့်ထိတွေ့ခဲ့သူ (၁၈)ဦးအား သက်ဆိုင်ရာကျေးရွာရှိ Quarantine Center များတွင် ဇန်နဝါရီ ၁၁ ရက်နေ့မှစတင်၍ စောင့်ကြည့်စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။

စိုးနိုင်ဝင်း(ပြန်/ဆက်)