ကျိုင်းတုံ မတ် ၂၆
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ကျိုင်းတုံ)၏ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၁၀)သင်တန်းဆင်းပွဲကို ယနေ့တွင် အဆိုပါကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စိုးမြတ်ထွဋ်က သင်တန်းဆင်းအမှာစကားပြောကြားပြီး သက်မွေးလုပ်ငန်းသင်တန်းကျောင်း(ကျိုင်းတုံ) ကျောင်းအုပ် ဒေါ်နန်းယုန်းက သင်ကြာပို့ချခဲ့သည့် ဘာသာရပ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် တိုင်းမှူးက သင်တန်းအတွက် ချီးမြှင့်ငွေများနှင့် ထူးချွန်ဆုရရှိသူများအား သင်တန်းထူချွန်ဆုများ ပေးအပ်သည်။ ထို့နောက် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းသင်တန်းကျောင်း(ကျိုင်းတုံ) ကျောင်းအုပ်က သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ရာ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးတင်လင်းနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက သင်တန်းနည်းပြများနှင့် သင်တန်းသူများအား ရင်းရင်းနီးနီး လိုက်လံနှုတ်ဆက်၍ ခင်းကျင်းပြသထားသည့် သင်တန်းသူများ၏ စက်မှု၊ လက်မှု၊ အနုပညာလက်ရာများကို ကြည့်ရှုအားပေးကြသည်။ အဆိုပါသင်တန်းသို့ ကျိုင်းတုံဒေသမှ သင်တန်းသူ(၃၀)ဦး တက်ရောက်ပြီး ရက်သတ္တပတ် ၂၂ ပတ်ကြာ ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)