ထန်းတပင်မြို့နယ်၌ အစိုးရပါဠိပထမပြန် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

ထန်းတပင်(ရန်ကုန်) မတ် ၂၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်ခဲ့ သည့် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ် စာဖြေဌာနမှ အောင်မြင်တော်မူခဲ့ကြသည့် သံဃာတော်များနှင့် သာသနာ့နွယ်ဝင်သီလရှင်များအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်စုများမှ အလှူရှင်များစုပေါင်း၍ အောင်လက်မှတ်နှင့် ဂုဏ်ပြုဆုများ ဆက်ကပ်ချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

ဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ကြပြီး အမှတ်(၄)ရပ်ကွက် သီရိမင်္ဂလာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဥတ္တရထံမှ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ခဲ့သည်။

ဆက်လက်၍ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ကျောင်းကုန်းကျေးရွာ ရတနာသိင်္ဂီကျောင်း ဆရာတော် ဘဒ္ဒန္တ ဒေါက်တာရေဝတမှ ဆုံးမသြဝါဒကထာမြွတ်ကြားခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းသက်ခိုင်က သာသနာ့ရေးဆိုင်ရာများကို လျှောက်ထားတင်ပြခဲ့သည်။

၎င်းနောက် အစိုးရပါဠိပထမပြန် အခြေပြုမူလတန်းတွင် အောင်မြင်တော်မူခဲ့ကြသည့် စာအောင်သံဃာ(၃၅)ပါးနှင့် သာသနာ့နွယ်ဝင်သီလရှင်(၂)ပါး၊ ပထမငယ်တန်းတွင် အောင်မြင်တော်မူခဲ့ကြသည့် စာအောင်သံဃာ(၆)ပါး၊ ပထမလတ်တန်းတွင် အောင်မြင်တော်မူသည့် စာအောင်သံဃာ(၁)ပါး စုစုပေါင်း စာအောင်သံဃာတော် (၄၂)ပါးနှင့် သာသနာ့နွယ်ဝင် သီလရှင်(၂)ပါးတို့အား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်ခိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သင်းသင်းအေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက အောင်လက်မှတ်နှင့်ဂုဏ်ပြုဆုများကို ဆက်ကပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် မြို့နယ်သံဃနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ စိန္တိတာရာမနိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တ စိန္တိတထံမှ ကောင်းမှုကုသိုလ်အစုစုတို့အတွက် ရေစက်သွန်းချ တရားတော်မြတ်ကိုနာယူခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားရုပ်သိမ်းကာ ဆရာတော်သံဃာတော်များနှင့် သာသာနာ့နွယ်ဝင်သီလရှင်များကို တာဝန်ရှိသူများက ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့ကြကြောင်း သိရသည်။

ဇင်မင်းထိုက် (ထန်းတပင်)