ပြင်ဦးလွင် မတ် ၂၆
နိုင်ငံခြားဝင်ငွေရရှိနိုင်သော မက္ကဒေးမီးယားသီးနှံပင်အား အသီးအရည်အသွေးနှင့်အထွက်နှုန်းကောင်းသော ကိုင်းဆက်မျိုးကောင်းပင်များ ပြောင်းလဲစိုက်ပျိုးလာစေရန်နှင့် စိုက်ခင်းစတင် တည်ထောင်ချိန်မှစ၍ စိုက်ခင်းတွင် ပြုစုထိန်းသိမ်းခြင်း နည်းပညာများကို တောင်သူများ ကိုယ်တိုင် ပျိုးထောင်လုပ်ကိုင် ဆောင်ရွက်လာနိုင်ကြစေရန်နှင့် မက္ကဒေးမီးယားအသီးအားတန်ဖိုးမြင့် ကုန်ချော ထုတ်လုပ်ရောင်းချနိုင်ခြင်းကို ဆောင်ရွက်နိုင်ကြစေရန်ရည်ရွယ်၍ ပြင်ဦးလွင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနနှင့် နှစ်ရှည်ပင်များ သုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ(နောင်ချို)တို့ ပူးပေါင်းဖွင့်လှစ်သော မက္ကဒေးမီးယား စိုက်ပျိုးပြုစုထိန်းသိမ်းခြင်း နည်းပညာပေးသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ပြင်ဦးလွင်မြို့နယ်၊ မြန်မာ-ခါနန် တောင်သူ လယ်သမားနည်းပညာဖွံ့ဖြိုးမှု လေ့ကျင့်ရေးသင်တန်းကျောင်း၊ ဒိုးကွင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ ပြင်ဦးလွင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးကိုယ်စား ကော်ဖီသုတေသနနှင့် နည်းပညာပြန့်ပွားရေးဗဟိုဌာန တာဝန်ခံ၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်နီလာထွန်းမှ သင်တန်းဆင်းအဖွင့်အမှာစကားပြောကြားပြီး သင်တန်းသားများကိုယ်စား နောင်ချိုမြို့နယ်၊ မက္ကဒေးမီးယား ခြံရှင် ဦးဝင်းဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ထို့နောက် သင်တန်း ပြီးမြောက်အောင်မြင်သည့် သင်တန်းသား ၁၇ ဦး အား သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ချီးမြင့်ခဲ့သည်။
အဆိုပါသင်တန်းအား ၂၃.၃.၂၀၂၆ ရက်နေ့မှ ၂၅.၃.၂၀၂၆ ရက်နေ့အထိ သုံးရက်ကြာ ကာလတို သင်တန်းဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း တာ၀န်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
သွေးသွေး(ခရိုင်/ပြန်ဆက်)