လဲချားမြို့၌ (၈၁)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ်သတင်း စကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

လဲချား မတ် ၂၆

 ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများသည် ၂၀၂၆ခုနှစ်၊ မတ်လ (၂၇)ရက်နေ့တွင်ကျရောက်မည့် (၈၁) နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် "သတင်းစကား" အထိမ်းအမှတ်လက်ကမ်းစာစောင်များကို ယနေ့နံနက်(၁၀)နာရီက မြို့မစျေးနှင့် လမ်းသွားလမ်းလာပြည်သူများထံ အခမဲ့ဖြန့်ဝေခဲ့သည်။

အဆိုပါ လက်ကမ်းစာစောင်တွင် မျိုးဆက်သစ်လူငယ်မောင်မယ်များ ဗဟုသုတတိုးပွားစေရန်အတွက် (၈၁)နှစ်မြောက်တပ်မတော်နေ့ ဦးတည်ချက်များ၊ တပ်မတော်၏သမိုင်းကြောင်းတစ်လျှောက်ပြောင်းလဲဖွဲ့စည်းခဲ့သည့် ဗမာ့လွတ်လပ်ရေးတပ်မတော်(BIA)၊ ဗမာ့ကာကွယ်ရေးတပ်မတော်(BDA)၊ (BNA)ဗမာ့မျိုးချစ်တပ်မတော်နှင့် မျိုးချစ်ဗမာ့တပ်မတော်(PBF) စသည့်အကြောင်းအရာများကို ဖော်ပြထားသည်။

ထို့အပြင် တပ်မတော်၏ စွမ်းရည်သုံးရပ်ဖြစ်သော စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်နှင့် စည်းလုံးရေးစွမ်းရည်များအကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်၏ (၂၇-၃-၂၀၂၅)ရက်နေ့ နှစ်(၈၀)ပြည့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ ပြောကြားသည့်မိန့်ခွန်းကောက်နုတ်ချက်များနှင့် စာဆိုဇော်မင်းမင်းဦးရေးသားသည့် အားသစ်စေကြောင်းပြည့်သားကောင်း ကဗျာတို့ကိုလည်း  ထည့်သွင်းဖော်ပြထားသည်။

ထိုသို့ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းဖြင့် ပြည်သူများအနေဖြင့် တပ်မတော်၏ သမိုင်းကြောင်းနှင့် နိုင်ငံ့တာဝန်ထမ်းဆောင်မှုများကို ပိုမိုသိရှိနားလည်လာစေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)