မိုင်းပန် ဇန်နဝါရီ ၁၂
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကိုဗစ်-၁၉ ကုသရေးဌာန၊ ဖောင်ကြီးစင်တာ၌ (၁)လကျော်ကြာ စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသည့် မိုင်းပန်မြို့နယ် ပြည်သူ့ဆေးရုံမှ သူနာပြုဆရာမ(၂)ဦးအား မြို့နယ်အဆင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများနှင့် ဒေသခံပြည်သူများက ကြိုဆိုဂုဏ်ပြုခဲ့ကြောင်း သိရသည်။
တာဝန်ပြီးဆုံး၍ ပြန်လည်ရောက်ရှိလာသည့် သူနာပြုဆရာမ (၂) ဦးကို လွှတ်တော်ကိုယ်စားလှယ်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် ကော်မတီဝင်များ၊ နိုင်ငံရေးပါတီ၊ မိုင်းပန်မြို့နယ် စေတနာ့ဝန်ထမ်းများအဖွဲ့၊ နမ့်ခုံးရှမ်းများပရဟိတ အသင်းခွဲ (မိုင်းပန်)မှ အဖွဲ့ဝင်များ၊ ကျန်းမာရေးမိသားစုများနှင့် ဒေသခံမိဘပြည်သူများက ယနေ့ မွန်းလွဲ (၃) နာရီအချိန်ခန့်က မိုင်းပန်မြို့အဝင်ရှိ ကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် ဂုဏ်ပြုမှတ်တမ်းလွှာများ၊ ပန်းစည်းများ၊ လက်ဆောင်ပစ္စည်းများဖြင့် ကြိုဆိုဂုဏ်ပြုခဲ့ ကြောင်း သိရသည်။
အဆိုပါ သူနာပြု (၂)ဦးသည် တောင်ကြီးမြို့ရှိ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် RDT ဖြင့် ကိုဗစ်ပိုး စစ်ဆေးရာ Negative အဖြေထွက်သည့်အတွက် ပြန်လည်ရောက်ရှိလာခြင်းဖြစ်ကြောင်းနှင့် မိုင်းပန်မြို့နယ် ပြည်သူ့ဆေးရုံရှိ Hospital Quarantine တွင် (၂) ပတ်ကြာ ထားရှိမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်ခိုင် ထံမှသိရသည်။
ဆန်းမြင့် (ပြန်/ဆက်)