ကောက်စိုက်စက်ကို အသုံးပြုကာ စပါးစိုက်ပျိုးခြင်းအားဖြင့် လယ်ယာလုပ်သားရှားပါးလာမှု အခက်အခဲများကို ပြေလည်စေမည်ဖြစ်

ထန်းတပင်(ရန်ကုန်) ဇန်နဝါရီ ၁၂

တောင်သူများအနေဖြင့် ကောက်စိုက်စက်ကို အသုံးပြုကာ စပါးစိုက်ပျိုးခြင်းအားဖြင့် လယ်ယာလုပ်ငန်းခွင်တွင် လယ်ယာလုပ်သား ရှားပါး လာမှု အခက်အခဲများ ပြေလည်စေမည်ဖြစ်ပြီး စပါးအထွက် နှုန်းများလည်း တိုးတက်လာစေမည်ဖြစ်ကြောင်း ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင် မြို့နယ်၊ စက်မှု လယ်ယာဦးစီးဌာနမှသိရသည်။

စပါးစိုက်ပျိုးရာတွင် ကြဲခင်းစနစ်ဖြင့် တစ်ဧက စိုက်ပါက လယ်ယာလုပ်သား (၁၂)ဦး အသုံးပြုရမည် ဖြစ်ပြီး ကောက်စိုက်စက်ဖြင့် စိုက်ပျိုးပါက စက်မောင်း တစ်ဦးနှင့် ပျိုးသယ်နှစ်ဦးသာ အသုံးပြုရမည် ဖြစ်သောကြောင့် လယ်ယာလုပ်သားရှားပါးမှုများကို ပြေလည်စေမည်သလို တစ်နေ့လျှင် ငါးဧကခန့် စိုက်ပျိုးပြီးစီးသဖြင့် လုပ်ငန်းတွင်ကျယ်ကြောင်းလည်း သိရသည်။

ထို့အပြင် ပျိုးကုန်ကျမှုများ အနေဖြင့် ကြဲခင်းစနစ်တွင် တစ်ဧကလျှင် စပါးနှစ်တင်းခွဲကုန်ကျပြီး ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးပါက ပျိုး(၁၂) ပြည်သာကုန်သဖြင့် ပျိုးကုန်ကျမှုစရိတ်များလည်း သက်သာမည်ဖြစ်သလို စက်ဖြင့် စိုက်ပျိုးတာဖြစ်သည့်အတွက်လည်း ပင်ကြား တန်း ကြားမှန်ကာ လေဝင်လေထွက် ကောင်းမွန်သည့်အတွက် ပင်ပွားနှုန်းကောင်းမွန်ပြီး စပါးအထွက်နှုန်းများလည်း တိုးတက် ကောင်းမွန် လာမည်ဖြစ်သောကြောင့် တောင်သူများအနေဖြင့် စိုက်ပျိုးမှုကုန်ကျစရိတ် များကို လျော့ချ နိုင်ကာ ဝင်ငွေတိုးတက်မှုများလည်း ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ကာလအတွင်း လယ်ယာလုပ်သား ရှားပါးလာမှုအခက်အခဲများကို ကူညီ ဖြေရှင်းပေးနိုင်ရန်နှင့် တောင်သူများ စက်စွမ်းအား ကို အသုံးပြုကာ စပါးအလွယ်တကူ စိုက်ပျိုးနိုင်ရန်အတွက် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးပေးခြင်း၊ ကောက်စိုက်စက် အသုံးပြုပုံ အသုံးပြုနည်း သရုပ်ပြပွဲ များ ပြသပေးခြင်းဖြင့် တောင်သူများအား နည်းပညာများကို ဖြန့်ဝေ ဆောင်ရွက်ပေးလျက်ပြီး တောင်သူများ စပါးထွန်ယက် စိုက်ပျိုးချိန် ကာလအတွင်း အခက်အခဲများ ဖြစ်ပေါ်ခြင်းနှင့် လယ်ယာသုံးစက် ပစ္စည်းများ ဝယ်ယူလိုပါကလည်း မြို့နယ်စက်မှုလယ်ယာ ဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဦးစိုးနိုင် ဖုန်း-၀၉၇၉၉၄၂၅၀၂၁ ထံသို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်းလည်း သိရသည်။ 

ဇင်မင်းထိုက်(ပြန်/ဆက်)