ကျောက်ပန်းတောင်း ဇန်နဝါရီ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်နှင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများလိုက်ပါလျက်၊ ယနေ့နံနက်(၁၀)နာရီက မြို့ပေါ်ရှိ ပုဂ္ဂလိက ဘဏ်များတွင် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးပြီး၊ ကျန်းမာရေးညွှန်ကြားချက်များကို တိကျစွာလိုက်နာ ဆောင်ရွက်ရေး အသိပညာပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဌာန၊ မြို့နယ်စည်ပင် သာယာရေး အဖွဲ့တို့မှ တာဝန်ရှိသူတို့သည် ကျောက်ပန်းတောင်းမြို့ပေါ်ရှိ ကမ္ဘောဇဘဏ်၊ ရိုးမဘဏ်၊ ဧရာဝတီဘဏ်၊ သမဝါယမဘဏ်၊ အမရာဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့တွင် လုပ်ငန်း ဆောင်ရွက်နေမှုများ အခြေအနေများကို ဝင်ရောက် စစ်ဆေးခဲ့ပြီး၊ ကျန်းမာရေး ညွှန်ကြားချက် များနှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်ကြစေရေးနှင့် လက်သန့်ဆေးရည်များ စဉ်ဆက် မပြတ်ထားရှိပေးရေးနှင့် ထိုင်ခုံများတွင် ပိုးသတ်ဆေးဖြန်းခြင်းများ ဆောင်ရွက်ရေး၊ ATM စက်များကို အသုံးပြုပြီးတိုင်း ပိုးသတ်ဆေးဖြန်းခြင်းများ ဆောင်ရွက်ပေးရေးတို့ကို အသိပေး မှာကြားခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)