မော်လမြိုင် မတ် ၂၄
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် အနာဂတ်တေလူဂူလူမှုကူညီရေးအသင်းမှ ကြီးမှူးကျင်းပသည့် တေလူဂူလူမျိုးတို့၏ နှစ်ကူးအကြို ညစာစားပွဲအခမ်းအနားကို မတ်လ ၂၂ ရက်နေ့ ညနေပိုင်းက မော်လမြိုင်မြို့ ဟုန်စံစီခန်းမ၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက တေလူဂူလူမျိုးများ၏ (အူဂါးဒီး) နှစ်သစ်ကူးအထိမ်းအမှတ် မင်္ဂလာဆီမီးတိုင်အား မင်္ဂလာဆီမီးဂါထာရွတ်ဆို၍ ထွန်းညှိပူဇော်၍ ဂါယတြီမန္တာန် (၃) ကြိမ်ရွတ်ဆိုကာ အခမ်းအနားအားစတင်ဖွင့်လှစ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က တေလူဂူလူမျိုးများဟာဆိုရင်ဖြင့် Telegana (တလင်္ဂဏ) တိုင်းသားများဖြစ်ကြပြီး ရှေးဘုရားရှင်လက်ထက်တော်ကတည်းကစ ရာမညတိုင်းသားများနှင့် ယဉ်ကျေးမှု၊ ကုန်သွယ်ရေးဆိုင်ရာဆက်သွယ်မှုများ ရှိခဲ့ကြောင်း၊တေလူဂူ လူမျိုးများသည်လည်း မြန်မာ့မြေပေါ်တွင် ညီရင်းအစ်ကို စိတ်ထားဖြင့် အေးအတူပူအမျှ အတူတကွယှည်တွဲနေထိုင်လာခဲ့သည်မှာ ယခုထက်တိုင်ဖြစ်ကြောင်း၊ မွန်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တေလူဂူမိသားစုဝင်များအားလုံး ညီညီညွတ်ညွတ်တက်ညီလက်ညီ တစ်ပေါင်းတစ်စည်းတည်း နှစ်သစ်ကူးညစာစားပွဲကို ပျော်ရွှင်စွာ ဆင်နွှဲနေသည်ကို ကြည့်ခြင်းအားဖြင့် မွန်ပြည်နယ်အတွက်လည်း များစွာဂုဏ်ယူမိကြောင်း၊ တေလူဂူ နှစ်သစ်ကူးကို ယူဂါးဒီး ” Ugadi ဟုလည်းခေါ်ဆိုကြပြီး မြန်မာပြက္ခဒိန်အရ နှစ်စဉ်နှစ်တိုင်း တန်ခူးလဆန်း (၁) ရက်နေ့ရောက်တိုင်း တေလူဂူလူမျိုးများသည် နှစ်သစ်ကူးနေ့ အခမ်းအနားကို ကျင်းပလေ့ရှိကြကြောင်း၊ နှစ်သစ်မှစ၍ ပျော်ရွှင်ခြင်း၊ ကျန်းမာခြင်း၊ ချမ်းသာခြင်း၊ ငြိမ်းချမ်းခြင်း၊ နွေးထွေးခြင်း၊ ညီညွတ်ခြင်းအစရှိသော လောကပါလတရားများ ထွန်းကားပြီး ကောင်းကျိုးချမ်းသာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တေလူဂူသမီးငယ်လေးများမှ တေလူဂူရိုးရာ ဆီမီးခွက်အကအလှဖြင့် ဖျော်ဖြေတင်ဆက်နေမှုများကို ကြည့်ရှုအားပေးပြီး အမှတ်တရ ဂုဏ်ပြုခြုံပုဝါနှင့် မင်္ဂလာပန်းကုံးများ ဆင်မြန်းခဲ့ကြကြောင်း သိရှိရသည်။
မွန်ပြည်နယ်၂၀၂၆ ခုနှစ်၊ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ ပရိယတ္တိဓမ္မဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဧည့်ပရိတ်သတ်များ တက်ရောက်၍ ရှေးဦးစွာအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီး မော်လမြိုင်မြို့ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် မော်လမြိုင်မြို့၊ အောက်ကျင်းရပ်ကွက်၊ သာသနာ့မာရ်အောင်ဝဲပျံကျောင်းတိုက်၏ ဦးစီးပဓာနနာယက (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ) ဘဒ္ဒန္တနန္ဒဝံသအရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ၂ဝ၂၆ ခုနှစ်၊ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲအတွက် အလှူငွေကျပ် သုံးဆယ့်ခွန်နှစ်သိန်းသုံးသောင်းသုံးထောင် (၃၇၃၃၀၀၀/ိ-) အား ပေးအပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ အတုလရန်အောင်ကျောင်းတိုက်၊ (နိုင်ငံတော်သံဃမဟာနာယကအဖွဲ့)၊ အဖွဲ့ဝင်ဆရာတော် ဘဒ္ဒန္တကောသလ္လ (အဂ္ဂမဟာပဏ္ဍိတ) အရှင်မြတ်ထံမှ အနုမောဒနာတရားတော်မြတ်ကို နာယူကြည်ညို၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
မွန်ပြည်နယ်၊ ၂ဝ၂၆ ခုနှစ်၊ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ဖွင့်ပွဲပထမနေ့ မော်လမြိုင်စာစစ်ဌာန ဓမ္မာစရိယတန်းတွင် (၃၉၁) ပါး စာရင်းသွင်း၍ (၃၂၂) ပါး ဝင်ရောက်ဖြေဆိုပြီး (၃၁-၃-၂၀၂၆) ရက်နေ့ထိ ကျင်းပဖြေဆိုသွားမည်ဖြစ်ကာ ပါဠိပထမပြန်စာမေးပွဲတွင် (၂၆၇၇) ပါး စာရင်းသွင်းပြီး (၂၉-၃-၂၀၂၆) ရက်နေ့မှ (၄-၄-၂၀၂၆) ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မွန်ပြည်နယ် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းနည်းပြနှင့် ကြီးကြပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း၊ ရတနာမွန်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းသား ဆရာ ဆရာမများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်၊ မွန်ပြည်နယ် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အနေဖြင့် နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးသို့ လမ်းညွှန်ပို့ဆောင်နိုင်စွမ်းရှိသည့် ပညာရေးကဏ္ဍတစ်ခုဖြစ်ပြီး စာတတ်မြောက်ရေးလုပ်ငန်းများကို အထူးအားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ စာမတတ်သူကို စာတတ်လာအောင် သင်ကြားပေးရမှာဖြစ်သလို စာတတ်မြောက်လိုသူများကိုလည်း သင်ယူလိုစိတ်များ ပေါ်ထွန်းလာအောင် စာတတ်မြောက်ရေးလှုပ်ရှားမှုက စနစ်တကျထဲထဲဝင်ဝင် ကြိုးကြိုးစားစားလှုံ့ဆော်တတ်မှု ချဉ်းကပ်တတ်မှုစည်းရုံးသိမ်းသွင်း တတ်မှုရှိရမည်ဖြစ်ကြောင်း၊ သင်ကြားပို့ချမည့် နည်းပြများနှင့် ကြီးကြပ်များအနေဖြင့် သင်တန်းသားများအပေါ်မှာ စေတနာအပြည့်အဝထား သင်ကြားပေးရန်နှင့် နွေရာသီအခြေခံစာတတ်မြောက်ရေးလုပ်ငန်း အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အားလုံးဝိုင်းဝန်းကူညီ ဆောင်ရွက်သွားကြပါလို့ တိုက်တွန်းလိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး (စာတတ်မြောက်ရေး) ဦးအောင်နိုင်က ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အစီအစဉ်များနှင့် မွန်ပြည်နယ်အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအတွက် ပံ့ပိုးဆောင်ရွက်သွားမည့် အစီအစဉ်များအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး ပြည်နယ်အဆင့် ဆင့်ပွားသင်တန်းတက်ရောက်သည့် နည်းပြကြီးကြပ်များနှင့် သင်တန်းသားများအတွက် သင်ထောက်ကူပစ္စည်းများကို ထောက်ပံ့ငွေပေးအပ်ရာ ပြည်နယ်ပညာရေးမှူးနှင့် သင်တန်းသူများက လက်ခံရယူပြီး သင်တန်းသား ဆရာ ဆရာမများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)