ကြည့်မြင်တိုင် မတ် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသားကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တများ ဖွံဖြိုးတိုးတက်၍ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကြည့်မြင်တိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အခြေခံပန်းချီသင်တန်းနှင့် အင်္ဂလိပ်စာသင်တန်းများကို ယနေ့တွင် ဆက်လက်သင်ကြားပေးလျက်ရှိသည်။
သင်တန်းတွင် ပန်းချီဆရာ စမ်းချောင်းစမ်းကိုက အခြေခံပန်းချီပညာရပ်များဖြစ်သည့် မျဥ်းဖြောင့်၊ မျဥ်းကွေး၊ အနီးအဝေး၊ အနိမ့်အမြင့်၊ လူပုံရေးဆွဲခြင်းအဆင့်ဆင့်တို့ကို စာတွေ့လက်တွေ့ သင်ကြားပေးလျက်ရှိပြီး အင်္ဂလိပ်စာသင်တန်းတွင် ဆရာဦးလှသိန်းက ဝေါဟာရကြွယ်ဝစေရန်၊ ဝါစင်္ကရှစ်ပါး၊ ဝါကျတည်ဆောက်ပုံများကို သင်ကြားပေးသည်။
အဆိုပါ သင်တန်းတစ်ခုစီတွင် ကျောင်းသား၊ ကျောင်းသူ ၃၀ တို့ဖြင့် သင်ကြားပို့ချလျက်ရှိပြီး ဦးစီးဌာနအနေဖြင့် နွေရာသီကျောင်းပိတ်ရက်တွင် လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးရေးအတွက် အခမဲ့သင်တန်းများအပြင် စာအုပ်စာစောင်ပြပွဲများ၊ ကာယဉာဏစွမ်းရည်ပြိုင်ပွဲများ၊ အသိပညာပေးဟောပြောပွဲများကိုလည်း ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ခိုင်ဇာလင်း (ပြန်/ဆက်)