မိုးနဲ မတ် ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ဒေသခံတောင်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများကို တစ်နိုင်တစ်ပိုင်မှစ၍ စီးပွားဖြစ်အဓိကထားစိုက်ပျိုးကြပြီး ယခုအချိန်တွင် စီးပွားဖြစ် ကြက်သွန်ဖြူ၊ ပဲပုပ်၊ နေကြာစိုက်ခင်းများကို စိုက်ပျိုးထားကြကြောင်း သိရသည်။
မိုးနဲမြို့နယ်တွင် တစ်နိုင်တစ်ပိုင်သီးနှံများအဖြစ် ခရမ်းချဉ်၊ ကြက်သွန်နီ၊ ဆလတ်စ်၊ သခွား၊ ခရမ်းညို၊ ငရုတ်၊ ဂေါ်ဖီထုပ်၊ ပန်းမုန်လာ၊ မုန်ညှင်း၊ ငှက်ပျော၊ သခွားမွှေး၊ ဖူးစားပြောင်းနှင့် အခြားသီးနှံများကို ရာသီအလိုက်စိုက်ပျိုးသကဲ့သို့ ယခုကာလတွင် စီးပွားဖြစ်စိုက်ပျိုးထားသော ပဲပုပ်၊ ကြက်သွန်ဖြူ၊ နေကြာစိုက်ခင်းများလည်း အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ရိတ်သိမ်းချိန်တွင် ဈေးကောင်းရရှိရန်တောင်သူများ မျှော်လင့်နေကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။
ပဲပုပ်စိုက်ခင်းများမစိုက်ပျိုးမီ ထွန်စက်များကို ငှားရမ်းရကြောင်း၊ ထွန်ယက်ပြီးချိန်တွင် မျိုးစေ့ချသူများငှားရမ်းရကြောင်း၊ အပင်ရက်သားရောက်ချိန်တွင် ပေါင်းလိုက်မြွေဆွခြင်းလုပ်ငန်းကို ဆောင်ရွက်ရကြောင်း၊ အပွင့်ပွင့်ချိန်တွင် အပွင့်အားတိုးဆေး၊ အပင်အားတိုးဆေးနှင့် ပုလဲမြေဩဇာတို့ကို ပတ်ဖြန်းပေးရကြောင်း၊ အပင်များရိတ်သိမ်းရချိန်တွင် အငှားရိတ်သိမ်းရကြောင်း၊ ရိတ်သိမ်းပြီး ချွေစက်များဖြင့် ချွေရကြောင်းပြီးစီးသွားချိန်မှသာပွဲရုံသို့ သွားရောက်ရောင်းချရကြောင်းနှင့် ကုန်ကျစရိတ်များစွာရှိကြောင်း သိရသည်။
ဇင်ကိုကို