သာစည်မြို့နယ်တွင် ငလျင်ဘေးအန္တရာယ်ကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်

သာစည် ဇန်နဝါရီ ၁၂

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ငလျင်ဘေးအန္တရာယ် ကျရောက်ပါက ကယ်ဆယ်ရေးလုပ်ငန်းများ လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေး အားကောင်းစေရန် ဇာတ်တိုက်လေ့ကျင့်ခြင်း သရုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါ ဦးစီးဌာန၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သရုပ်ပြပွဲတွင် ငလျင်ဘေးအန္တရာယ် ကျရောက်ပါက ဖြစ်ပေါ်လာနိုင်သည့် မီးလောင်မှုအား မီးငြိမ်းသတ်ခြင်း၊ အထပ်မြင့်အဆောက်အဦများတွင် ပိတ်မိနေသော လူနာများ၊  အဆောက်အဦ အပျက်အစီးများအောက်တွင် ပိတ်မိနေသော ထိခိုက်ဒဏ်ရာရလူနာများ၊ ကားအတွင်း ပိတ်မိနေသော လူနာများအား ရှာဖွေကယ်ဆယ်ခြင်းများ၊ အပျက်အစီးများအား ဖယ်ရှားရှင်းလင်းခြင်းများကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးထွန်းထွန်းဝင်း ဦးဆောင်၍ ငလျင်ကြောင့်ဖြစ်ပွားသည့် ဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးတပ်စုအဆင့် အင်အား ၃၅ ဦး၊ မီးငြိမ်းသတ် ယာဉ်တစ်စီး၊ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ၊ လှိုင်းတက်ကျေးရွာ လှမေတ္တာ ပရဟိတအသင်းဝင်များနှင့် လူနာတင်ယာဉ်တစ်စီးတို့ဖြင့် လေ့ကျင့်ပြသခဲ့သည်။

အဆိုပါ သရုပ်ပြပွဲအပြီးတွင် မိတ္ထီလာခရိုင် မီးသတ်ဦးစီးဌာန ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းက ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များအား လေ့ကျင့်ခြင်းနှင့် ပတ်သက်၍ အားသာချက်၊ အားနည်းချက်များနှင့် လိုအပ်သည်များကို ဖြည့်စွက်မှာကြား ခဲ့ကြောင်း သိရသည်။

ထွန်းထွန်း(ပြန်/ဆက်)