တောင်ကြီး ဇန်နဝါရီ ၁၂
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျရောက်မည့်(၇၄) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
(၇၄) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကျင်းပရေးဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ယနေ့ကျင်းပသည့် အစည်းအဝေးတွင် ဆပ်ကော်မတီအသီးသီးမှ လုပ်ငန်းကဏ္ဍအလိုက် တင်ပြကြရန်နှင့် အခမ်းအနားကို မြို့တော်ခန်းမ၌ ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ လူ(၃၀)ဦးထက်မပိုဘဲ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှ လုပ်ငန်းကော်မတီအလိုက် တင်ပြဆွေးနွေးကြရာ အခမ်းအနား ပြင်ဆင်ရေးလုပ်ငန်းကော်မတီ၊ ဖိတ်ကြားရေး၊ ပို့ဆောင်ဆောင်ရေးနှင့် ကြိုဆိုနေရာချထားရေး လုပ်ငန်းကော်မတီ၊ သတင်း မှတ်တမ်းနှင့် ပြန်ကြားရေးလုပ်ငန်းကော်မတီ၊ ဆုချီးမြှင့်ရေးကော်မတီ၊ ဘဏ္ဍာငွေကြီးကြပ်ရေး လုပ်ငန်းကော်မတီ၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းကော်မတီ၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်း ကော်မတီတို့မှ အသီးသီးဆွေးနွေးတင်ပြပြီး (၇၄) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကျင်းပရေးဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း (တောင်ကြီး)