ရပ်စောက်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၃) သင်တန်းဖွင့်ပွဲ ပြုလုပ်

တောင်ကြီး မတ် ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့နယ်၊ ဗထူးတပ်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး)စစ်ရေးပြကွင်း၌ ယမန်နေ့နံနက် ၈ နာရီက ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၂၃)ဖွင့်ပွဲပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး) ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မင်းသီဟနှင့် တပ်နယ်မှအရာရှိများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်မှုထမ်း သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း ကျောင်းအုပ်ကြီးက ပြည်သူ့စစ်မှုထမ်းသင်တန်းသား (၁၀၅) ဦးအား သင်တန်းဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးနှင့်အတူ တာဝန်ရှိသူများက စစ်ရာထူးခန့်ထားရေးခန်းမဆောင်၌ ပြည်သူ့စစ်မှုထမ်းသင်တန်းသားများအား ကြိုဆိုဂုဏ်ပြုစကားပြောကြားကာဂုဏ်ပြု ချီးမြှင့်ငွေပေးအပ်ခဲ့ပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းသားများနှင့် အတူတကွလက်ဖက်ရည် သုံးဆောင်ခဲ့ကြကြောင်း သိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)