လှိုင်မြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက် လေ့ကျင့်မှုများ ဆောင်ရွက်

လှိုင် မတ် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ကုမ္ပဏီများ၊ ဈေးများနှင့် ဒေသခံပြည်သူများ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံစိတ်ချရမှုရှိစေရေးအတွက် မီးငြှိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်းများကို ဆောင်ရွက်လျက်ရှိရာ မတ် ၂၃ ရက်နေ့ နံနက် ၉:၃၀ နာရီအချိန်က အမှတ် (၁၂) ရပ်ကွက်၊ ပါရမီလမ်းရှိ စေပိုင်ကုမ္ပဏီရုံးတွင် မီး‌ဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်‌ရေးအတွက် သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မီးဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်ချက်များ၊ လျှပ်စစ်မီးသုံးစွဲရာတွင် မီးဘေးအန္တရာယ်မဖြစ်အောင် စနစ်တကျကိုင်တွယ်အသုံးပြုနည်းများ၊ မီးဘေးအန္တရာယ် ကြုံတွေ့လာပါက မီးသတ်ဆေးဗူးအသုံးပြု၍ မီးငြှိမ်းသတ်နည်းစနစ်များ မီးလောင်မှုဖြစ်ပါက မီးသတ်ဦးစီးဌာနသို့ အချိန်နှင့်တပြေးညီ သတင်းပေးပို့သွားရန် စသည့် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဟိန်းလင်းထက်က ဆွေးနွေးပြောကြားကာ သရုပ်ပြလေ့ကျင့်ခြင်းများ လက်တွေ့သရုပ်ပြခဲ့ပြီး စေပိုင်ကုမ္ပဏီ ဝန်ထမ်းများအား လက်တွေ့မီးငြှိမ်းနည်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇော်ဇော်နိုင် (ပြန်/ဆက်)