မြစ်သား မတ် ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များအနေဖြင့် အချိန်ကိုအကျိုးရှိရှိ အသုံးချတတ်စေရန်၊ ယဉ်ကျေးလိမ္မာစေရန်၊ ဗုဒ္ဓဘာသာဝင်တစ်ဦး လိုက်နာကျင့်သုံးရမည့် အကြောင်းအရာများကို သိရှိစေရန်ရည်ရွယ်၍ မတ် ၂၃ ရက် နံနက် ၉ နာရီခွဲက ယဉ်ကျေးလိမ္မာသင်တန်း (အခမဲ့)ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်၌ ဖွင့်လှစ်သင်ကြားသည်။
ရှေးဦးစွာ သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတောအောင်က ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများကို လူတော်၊ လူကောင်းလေးများဖြစ်လာစေရန်၊ ပိုမိုယဉ်ကျေး လိမ္မာလာစေရန်၊ ရတနာသုံးပါးကို ရိုသေကိုင်းရှိုင်းတတ်စေရန်၊ အနန္တောအနန္တငါးပါး၏ ဂုဏ်ကျေးဇူးကိုသိတတ်စေရန်၊ မိဘ၊ ဆရာသမားများအပေါ် ကျေးဇူးသိတတ်စေရန်နှင့် ပေါင်းသင်းဆက်ဆံတတ်စေရန်တို့ကိုရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ သင်တန်းနည်းပြဆရာကြီး ဦးဇော်သိန်းက သင်တန်း ပို့ချသင်ကြားရာတွင် ဘုရား၊ တရားနှင့် သံဃာ့ဂုဏ်တော်များ၊ လူ့ကျင့်ဝတ်များ၊ အခြေခံ ဗုဒ္ဓဘာသာယဉ်ကျေးခြင်းဆိုင်ရာ သုံးဆယ်ရှစ်ဖြာမင်္ဂလာတော်များနှင့် ဗုဒ္ဓဘာသာဝင်များ သိသင့်သိထိုက်သည့် အကြောင်းအရာများကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ယဉ်ကျေးလိမ္မာသင်တန်းကို မြစ်သားမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ မူလတန်း၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၁၆ ဦး တို့တက်ရောက်ပြီး မတ်လ ၂၃ရက်နေ့မှ ၃၁ ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သင်တန်းနည်း ပြဆရာကြီး ဦးဇော်သိန်းထံမှသိရသည်။
ဝါဝါမြင့် (မြစ်သား)