မဟာအောင်မြေ ဇန်နဝါရီ ၁၂
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သံလျှက်မော်အရှေ့ရပ်ကွက် အကွက် (၄၀၅)၊ လမ်း ၉၀၊ ၄၁×၄၂ လမ်းကြားရှိ ဆောက်လက်စ သုံးထပ်တိုက်တွင် ငြမ်းထောက်အဖြစ် ထောက်ထားသော မျှောတိုင်များအား ဖြုတ်ရာ ယနေ့နံနက် (၁၀) နာရီ ခွဲအချိန်ခန့်က အလုပ်သမား တစ်ဦး အရှိန်လွန်ကာ ပြုတ်ကျမှုဖြစ်ပွားမှုကြောင့် မန္တလေးပြည်သူ့ဆေးရုံးကြီးသို့ ပို့ဆောင်ပေးခဲ့ရ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဆောက်လက်စ သုံးထပ်တိုက်တွင် အလုပ်သမားခေါင်းဆောင် ဦးရဲဝင်းထွန်း၏ အလုပ်သမား (၄) ဦးသည် သုံးထပ်ကြမ်းခင်း RC လောင်းရာတွင် ငြမ်းထောက်အဖြစ် ထောက်ထားသော မျှောတိုင်များအားဖြုတ်ရာ တိုက်မြောက်ဘက်အစွန်းရှိ မျှောတိုင်အား ရွှေပေါက်ပင် ကျေးရွာ၊ မကျီးကိုင်းကျေးရွာအုပ်စု အမရပူရမြို့နယ်နေသူ အလုပ်သမား ဦးဆန်းထူးမှ ဖြုတ်စဉ် အရှိန်လွန်ပြီး တိုက်၏မြောက်ဘက်ဘေး ကွန်ကရစ်လမ်းပေါ်သို့ ပက်လက်အနေအထားဖြင့် ပြုတ်ကျသွားခဲ့ကြောင်း သိရသည်။
ပြုတ်ကျမှုကြောင့် ဦးဆန်းထူး၏ ဦးခေါင်း၊ နောက်စေ့ ဖူးရောင်ဒဏ်ရာ၊ ညာနံဘေး ဖူးရောင် ဒဏ်ရာ၊ ခြေလက်တို့တွင် ပေါက်ပြဲဒဏ်ရာရရှိကာ နှာခေါင်း၊ ပါးစပ်၊ နားတို့မှ သွေးများထွက် နေသဖြင့် (စိုးရိမ်ရ) ဒဏ်ရာများဖြင့် မဟာလူမှုကယ်ဆယ်ရေးအသင်း ယာဉ်ဖြင့် မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး အရေးပေါ်ကုသဆောင်တွင် ဆေးကုသမှုပေးလျက် ရှိကြောင်း သိရသည်။
ထွန်းထွန်းနိုင်