စစ်တွေ မတ် ၂၃
စစ်တွေမြို့နယ်အတွင်း အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ချီးမြှင့်ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုး သမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။
ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပင်စင်လစာထုတ်ယူရန် လာရောက်ကြသည့် အငြိမ်းစားဝန်ထမ်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြပြီး အငြိမ်းစား ဝန်ထမ်းများအား မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများက ပင်စင်လစာ ထုတ်ပေးနိုင်ရန်အတွက် လိုအပ်သော စိစစ်မှုများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေး နေမှု၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်းများ ဆောင်ရွက်နေမှုနှင့် စစ်တွေမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေ ရောဂါကုဆေးရုံကြီးမှအထူးကု ဆရာဝန်ကြီးများ၊ ဆရာဝန်၊ သူနာပြုများက ကျန်းမာရေးစောင့်ရှောက်ပေးနေမှုတို့ကို လှည့်လည် ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အငြိမ်းစားဝန်ထမ်းများအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပေးအပ်ချီးမြှင့်သည့် ဆန်နှင့်စားသောက်ဖွယ်ရာများအား ပေးအပ်ချီးမြှင့်ကြသည်။
အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ချီးမြှင့်ပေးအပ်ခြင်း ဆောင်ရွက်ရာတွင် ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ သမားတော်ကြီးများ၊ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှု တိုင်းတာပေးခြင်း၊ ဆီးချို၊ သွေးချိုစစ်ဆေးပေးခြင်း၊ နှလုံးရောဂါစစ်ဆေးခြင်းနှင့် အီးစီဂျီရိုက်ပေးခြင်းများကို ဆောင်ရွက်ပေးကြပြီး လိုအပ်သော ဆေးဝါးများကိုလည်း အခမဲ့ထုတ်ပေးကြသည်။ အလားတူ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ပြည်နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများကလည်း အငြိမ်းစား ဝန်ထမ်းများအား တိုင်းရင်းဆေးဝါးများနှင့် ကုသပေးခြင်းများကို ဆောင်ရွက်ပေးကြပြီး တိုင်းရင်းဆေးများကို အခမဲ့ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
စစ်တွေမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ် လမ်းညွှန်မှုဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ ဆန်နှင့်စားသောက်ဖွေရာများ ပေးအပ်ချီးမြှင့်ခြင်းများကို စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ လစဉ်စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ဗုဒ္ဓပြတိုက်သို့သွားရောက်ကြပြီး ဗုဒ္ဓပြတိုက်အတွင်းရှိ ဘုရားကြီးအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးများကပ် လှူပူဇော်ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဗုဒ္ဓပြတိုက်အတွင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရှေးဟောင်းအမွေထိန်းသိမ်းစို့လေ ပြခန်းအား ပြန်လည်ပြုပြင်ဆောင်ရွက်ထားမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။ ထိုသို့ကြည့်ရှုစစ်ဆေးကြစဉ် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ပြခန်းဖွင့်လှစ် ဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်၍ လိုက်လံရှင်းလင်းပြသကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
တင်ထွန်း (ပြန်/ဆက်)