ညောင်ဦး မတ် ၂၃
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရွှေစည်းခုံစေတီတောင်ဘက်(မေတ္တာ)စောင်းတန်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ် ၂၃ ရက် နံနက် ၁၀ နာရီက ရွှေစည်းခုံစေတီတော် ဂေါပကရုံး အစည်းအဝေးခန်းတွင် ပြုလုပ်ခဲ့သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုက အဖွင့်အမှာစကားပြောကြားသည်။ထို့နောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲညွှန်ကြားရေးမှူး ဦးညီမွန်းက ရွှေစည်းခုံစေတီတော် တောင်ဘက်စောင်းတန်း(မေတ္တာ)စောင်းတန်း ပြုပြင်ထိန်းသိမ်းရာတွင် ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းနိုင်ရေး၊ မူလအလှူရှင်ကမ္ဗည်းစာများ မပျက်မစီးပြန်လည် ပြုပြင်ထိန်းသိမ်းနိုင်ရေး၊ ပြုပြင်ထိန်းသိမ်းရေးတွက်ချက်ထားသည့် အလှူငွေများ ထိန်းထိန်းသိမ်းသိမ်းကြီးကြပ် ဆောင်ရွက်နိုင်ရေး၊ မြောက်ဘက်ဆုံးပြဿာဒ်၊အလယ်ပြဿာဒ် နှင့်တောင်ဘက်ဆုံးပြဿာဒ်များတို့အား ရှေးမူမပျက်ထိန်းသိမ်းနိုင်ရေး၊ လျှပ်စစ်မီးသွယ်တန်းခြင်း၊ ဆေးသုပ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့အား ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများက လုပ်ငန်းဆောင်ရွက်နိုင်ရေး အကြံပေးခြင်းတို့အား ဆွေးနွေးတင်ပြခဲ့ပြီး ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ဒီပါလင်း