မြစ်သားမြို့နယ်၌ သရက်အရည်အသွေးပြည့်မီပြီး ဈေးကွက်ဝင်သရက်သီးများရရှိရေးအတွက် ပိုးမွှားရောဂါကာကွယ်ခြင်း နည်းစနစ်များ လက်တွေ့ကွင်းသရုပ်ပြပွဲအခမ်းအနားကျင်းပ

မြစ်သား မတ် ၂

 စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန၊ ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့်အပင်ဇီဝနည်းပညာဌာနခွဲက သရက်အရည်အသွေး ပြည့်မီပြီး ဈေးကွက်ဝင် သရက်သီးများရရှိရေးအတွက် ပိုးမွှားရောဂါကာကွယ်ခြင်းနည်းစနစ်များ လက်တွေ့ကွင်းသရုပ်ပြပွဲအခမ်းအနားကို မတ် ၂၂ ရက် နံနက် ၁၀ နာရီက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မြနဒီဥယျာဉ်ခြံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မန္တလေးတိုင်း‌ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး  ဦးဝင်းထိန်က အဖွင့်အမှာစကားပြောကြားပြီး  မြစ်သားမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်း‌အောင်က သရက်စိုက်ပျိုးထုတ်လုပ်မှုတွင် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များနှင့် ဝါသနာရှင်သရက်စိုက်ပျိုးသူများအား သရက်စိုက်ပျိုးနည်းပညာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြနဒီ ဥယျာဉ်ခြံ တာဝန်ခံမန်နေဂျာက  သရက်ခြံတစ်ခြံ စတင်တည်ထောင်ခြင်းနှင့် လိုက်နာရမည့်အချက်များ၊ သရက်ပင်များကိုင်းဖြတ် ပြုပြင်ခြင်း၊ သရက်ပျိုးပင်များထုတ်လုပ်ခြင်းနှင့် သရက်ပင်စည်ထိုးပိုးများ အကြောင်းကို အကျယ် တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး သရက်စိုက်ပျိုးသည့်တောင်သူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ခံမန်နေဂျာက ပြန်လည် ရှင်းလင်းဆွေးနွေးပေးခဲ့သည်။ ဆွေးနွေးပွဲအပြီး သရက်စိုက်ခင်းအတွင်း ပိုးမွားအန္တရာယ်ကာကွယ်ရေးအတွက် မြနဒီဥယျာဉ်ခြံ တာဝန်ခံမန်နေဂျာက လက်တွေ့ကွင်း သရုပ်ပြ ရှင်းလင်းခဲ့ကြောင်း သိရသည်။

လက်တွေ့ကွင်းသရုပ်ပြပွဲအခမ်းအနားသို့ သံချပ်ကာ ယန္တရားကျောင်းမှ ဒုတိယကျောင်းအုပ်ကြီး ဒုတိယဗိုလ်မှူးကြီးတင်မျိုးဝေ၊ မန္တလေးတိုင်း‌ဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းထိန် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်ငြိမ်းထွေး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးမင်းအောင်၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှ ဦးစီးမှူး ဦး‌အောင်မျိုးချစ်၊ ကူမဲမြို့ ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူး ဦးစောအောင်ကိုလတ်၊   မြို့နယ်စိုက်ပျိုး‌ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးးစိုးမင်းနိုင်နှင့်ဝန်ထမ်းများ၊ သရက်စိုက်ပျိုးတောင်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။  

 ဝါဝါမြင့် (မြစ်သား)