တာချီလိတ် မတ် ၂၃
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် မိုင်းကိုးကျေးရွာအုပ်စု မယ်လိတ်ပါကော်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းသစ်ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက အဆိုပါလမ်းမုခ်ဦးတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အမာလွင်က ကုန်ထုတ်လမ်းသစ်ဆောင်ရွက်ပေးရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားကာ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လဲ့လဲ့သင်းက ကျေးလက် ကုန်ထုတ်လမ်းလုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ကျေးရွာသူ ကျေးရွာသားများကိုယ်စား မယ်လိတ်ပါကော်ကျေးရွာသူကြီး ဦးယောဘက ကျေးဇူးတင်စကားပြောကြားပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာမျိုး၊ ခရိုင်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အမာလွင်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လဲ့လဲ့သင်းနှင့် မယ်လိတ်ပါကော်ကျေးရွာသူကြီး ဦးယောဘတို့က ကျေးလက်ကုန်ထုတ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ လမ်းသစ်အား လေ့လာကြည့်ရှုခဲ့ကြသည်။
အဆိုပါ ကျေးရွာကုန်ထုတ်လမ်းသစ်ကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့် အရှည် ၁ မိုင် ၄ ဖာလုံ၊ အကျယ် ၁၂ ပေရှိ မြေသားလမ်းပြီးစီးသွားသည့်အတွက် ရာဘာစိုက်ခင်း ၆၃ ဒသမ ၅ ဧက၊ စပါး ၃၁၁ ဒသမ ၄၂ ဧက၊ စုစုပေါင်း ၃၇၅ ဒသမ ၉၂ ဧကမှ ထွက်ရှိသည့် စိုက်ပျိုးရေးထုတ်ကုန်များအား ကုန်ကျစရိတ်သက်သာစွာဖြင့် ဈေးကွက်သို့ လွယ်ကူစွာ အချိန်မီပို့ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)