မော်လမြိုင် မတ် ၂၂
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးအတွက် ပြည်နယ်ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဦးအောင်ဝင်းနိုင်နှင့်အဖွဲ့ဝင်များသည် မတ်လ ၂၂ ရက်နေ့၊ နံနက်ပိုင်း အချိန်တွင် အဖွဲ့ (၃) ဖွဲ့ခွဲ၍ မော်လမြိုင်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရေနံထွက်ပစ္စည်း အရောင်းဆိုင်များ ကြီးကြပ်မှု ဆပ်ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက မြို့နယ်အတွင်းရှိစက်သုံးဆီအရောင်းဆိုင်များအနေဖြင့် ပြည်သူများ အဆင်ပြေချောမွေ့စွာဝယ်ယူနိုင်ရေး အတွက် ဈေးနှုန်းမှန်ကန်စွာရောင်းချရေး၊ ဆီပြတ်လပ်မှုများမဖြစ်ပေါ်ရေးအတွက် ပေပါများ၊ ပုံးများဖြင့် မရောင်းချရေး၊ ဆီလက်ကျန်စာရင်းနှင့် ရောင်းချမှု စာရင်းများအား စစ်ဆေးခြင်း၊ စက်သုံးဆီဝယ်ယူရာတွင် ယာဉ်လိုင်စင်သက်သေခံ ဝှီးတက် ( သို့မဟုတ် ) အုံနာဘုတ် ပြသစေ၍ စစ်ဆေးရောင်းချသွားရန်၊ စုံ၊ မခွဲခြားမောင်းနှင်မှု စနစ်အား လိုက်နာရန်နှင့် စုံရက်မရက်အလိုက် ယာဉ်များကို စက်သုံးဆီများရောင်းချပေးရန် ၊ နှင့် အဆိုပါစည်းကမ်းချက်များအား ပြည်သူများ သိရှိနိုင်ရန် ဗီနိုင်းဆိုင်းဘုတ်များစိုက်ထူချိတ်ဆွဲ၍ ကြေညာပေးရန်တို့ကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး စည်းကမ်းလိုက်နာခြင်းမရှိသော စက်သုံးဆီအရောင်းဆိုင်၊ မော်တော်ယာဉ်များအား တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)