ရပ်စောက် မတ် ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင် ရပ်စောက်မြို့နယ်တွင် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှုလျော့ချရေးဆိုင်ရာ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှာ ညွှန်ကြားရေးမှူးချုပ် ဦးဆန်းဦးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမင်းသိန်းက နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောရာတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားရခြင်း အကြောင်းအရင်းများ၊ လေထုညစ်ညမ်းမှုကြောင့် လူသားတို့၏ ကျန်းမာရေးအပေါ် ထိခိုက်နိုင်မှုများ၊ ၂၀၂၅ ခုနှစ်အတွင်း ခရိုင်အလိုက် Fire Hotspot ဖြစ်ပေါ်ခဲ့မှု အခြေအနေ၊ ဒေသခံပြည်သူများအနေဖြင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးအတွက် အလေးထား ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ရှမ်းပြည်နယ်အတွင်းဖြစ်ပေါ်လျက်သော Fire Hotspot နှင့် ပတ်သက်သော အကြောင်းအရာများ၊ Fire Hotspot လျှော့ချရေးဆောင်ရွက်ရမည့် အကြောင်းအရာများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် အကြံပြုချက်များကို ရှင်းလင်း တင်ပြခဲ့သည်။ ဆက်လက်၍ တက်ရောက်လာသူများ၏ အထွေထွေတင်ပြချက်များအပေါ် တာဝန်ရှိသူများ ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)