ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း (၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်တွေ-ပလ္လင်ပြင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနား တက်ရောက်

စစ်တွေ မတ် ၂၂

(၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်တွေ-ပလ္လင်ပြင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါလမ်း ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ‌ဒေါက်တာ စန်းရွှေ၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ စစ်တွေတပ်နယ်မှ တပ်မတော်အဆင့်မြင့် အရာရှိကြီးများ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ ရပ်ကွက်နေပြည်သူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ လမ်းဦးစီးဌာန၊ကြီးကြပ်‌ရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးထွန်းထွန်းဦးက စစ်တွေ-ပလ္လင်ပြင်လမ်း ကွန်ကရစ်လမ်းသစ် ဆောင်ရွက်ပေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်မိုး၊ လမ်းဦးစီးဌာန၊ ကြီးကြပ်‌ရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ)တို့က လမ်းဖွင့်ပွဲ အထိမ်းအမှတ်အလံများ ပေးအပ်ကြသည်။ ယင်းနောက် ဒေသခံပြည်သူတစ်ဦးက လမ်းအဆင့်မြှင့်တင်ကာ ဖွင့်လှစ်ပေးခြင်းအပေါ် ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ‌ဒေါက်တာ စန်းရွှေ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (စစ်တွေ) ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများက စစ်တွေ-ပလ္လင်ပြင်လမ်း ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်ပွဲလှစ်ပေးကြကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကွန်ကရစ်လမ်းတလျောက် လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး လမ်းဖွင့်ပွဲသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက ကွန်းကရစ်လမ်းဖွင့်ပွဲတွင် တက်ရောက်ပါဝင် တီးခတ်ဖျော်ဖြေပေးကြသော အခြေခံပညာကျောင်းများမှ ဘင်ခရာအဖွဲ့၊ အေရိုးဗစ်အကအဖွဲ့၊ ပန်းဖွားအဖွဲ့၊ ယဉ်ကျေးမှုအဖွဲ့နှင့် ရခိုင်စည်တော်အဖွဲ့‌‌များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြသည်။

ယခုဖွင့်လှစ်သော စစ်တွေ-ပလ္လင်ပြင်လမ်း ကွန်ကရစ်လမ်းကို ပြည်နယ်အစိုးအဖွဲ့ ရန်ပုံငွေ၊ ပြည်ထောင်စုရန်ပုံငွေတို့ဖြင့် ၃ မိုင် ၅ ဒသမ ၄၄ ဖာလုံအား (၁၈)ပေ အကျယ် ကွန်ကရစ်လမ်း ဆောင်ရွက်ပေခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် စေတနာရှင် အလှူရှင်များကလှူဒါန်းသော နေ့လယ်စာကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများအား ကျွေးမွေးရန် စီစဉ်ဆောင်ရွက်ထားရှိမှုကို လှည့်လည်ကြည့်ရှုကြပြီး  တပ်ဖွဲ့ဝင်များအား ထမင်းနှင့် ဟင်းလျာများကို ပေးအပ်ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့က တပ်ဖွဲ့ဝင်များနှင့် တပ်ဖွဲ့ဝင်မိသားစုများအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြကြောင်း သတင်းရသည်။

တင်ထွန်း(ပြန်/ဆက်)