ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ၂၀၂၆ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်ပူဇော်ခြင်းခံရသော ဆရာတော်ကြီးများအား ထပ်ဆင့်ဂုဏ်ပြုဂုဏဝိသိဌပူဇော်ပွဲ အခမ်းအနားတက်ရောက်

စစ်တွေ မတ် ၂၂

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်ပူဇော်ခြင်းခံရသော ဆရာတော်ကြီးများအား ထပ်ဆင့်ဂုဏ်ပြု ဂုဏဝိသိဌပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာ စေတီတော်ပုရဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်တော်၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး၊ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာ စန်းရွှေ၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊တိုင်းမှူးဗိုလ်ချုပ် ကျော်စွာဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ စစ်တွေတပ်နယ်မှ တပ်မတော်အဆင့်မြင့် အရာရှိကြီးများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

ဦးစွာအခမ်းအနားကို ကြွရောက်တော်မူကြသော ဆရာတော်၊ သံဃာတော်များနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး ရခိုင်မင်္ဂလာစည်တော်အဖွဲ့မှစည်တော်တီးကာ ရတနာသုံးပါးဂုဏ်တော်ဖြင့် ပူဇော်ကြသည်။ ဆက်လက်၍ ထူးမခြားနား သီချင်းဖြင့်ပူဇော်ပြီး ပြည်နယ်ဩဝါဒါစရိယ၊ စစ်တွေမြို့၊ နန္ဒာရာမပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရုဘဒ္ဒန္တနန္ဒသိရီ မဟာထေရ်မြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။ ဆက်လက်၍ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ စစ်တွေမြို့၊ ပညာလင်္ကာရကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တနာဂိန္ဒမဟာထေရ်မြတ်က သမ္မောဒနီယ ဩဝါဒကထာ မိန့်ကြားချီးမြှင့်တော်မူသည်။

ထို့နောက် ၂၀၂ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးတို့အား ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများက ကြွရောက်တော်မူကြသော သံဃာတော်အရှင်သူမြတ်များအား လှူဖွယ် ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် စစ်တွေမြို့၊ ဝိမလဓမ္မနာဒ (ဓာတ်လယ်) ကျောင်းတိုက် ပဓာနနာယက ဆရာတော်မဟာကမ္မဋ္ဌာနာစရိယဘဒ္ဒန္တသုဝဏ္ဏ မဟာထေရ်မြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်များကအနုမောဒနာတရားနာကြားကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်ခြင်းခံရသော ဆရာတော်ကြီးများအား ထပ်ဆင့်ဂုဏ်ပြု ဂုဏဝိသိဌ ပူဇော်ပွဲအခမ်းအနားတွင် အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ဆရာတော်နှစ်ပါး၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရဆရာတော်တစ်ပါး၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဆရာတော်တစ်ပါးနှင့် မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီးတစ်ပါးတို့ကို ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းမှူး၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များက ကြွရောက်တော်မူကြသော ဆရာတော်သံဃာတော်များနှင့် သီလရှင်ဆရာကြီးတို့အား ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများကို လောင်းလှူခဲ့ကြကြောင်း သတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)