ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးမြင့်စိုး စစ်တွေမြို့ ရွှေကရုဏာစေတနာဆေးခန်း၌ မျက်စိဝေဒနာရှင်များအား အခမဲ့ခွဲစိတ်ကုသပေးနေမှုအား ကြည့်ရှုအားပေး

စစ်တွေ မတ် ၂၂

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ရွှေကရုဏာစေတနာဆေးခန်း၌ မျက်စိဝေဒနာရှင်များအား အခမဲ့ ခွဲစိတ်ကုသပေးနေမှုကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးမြင့်စိုးနှင့်ဇနီးတို့က သွားရောက်ကြည့်ရှုအားပေးပြီး မျက်မှန်များ ပေးအပ်လှူဒါန်းခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးသည် မျက်စိဝေဒနာရှင်များအား ရွှေကရုဏာစေတနာဆေးခန်းမှ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အလေးချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများကို ကူညီစောင့်ရှောက်ပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။ ယင်းနောက် မျက်စိဝေဒနာရှင်များကို စစ်တွေမြို့၊ မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာသိန်းနိုင် ဦးဆောင်ပြီး ဆရာဝန်၊ သူနာပြုများက  စစ်တွေမြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များအား အခမဲ့ ခွဲစိတ်ကုသပေးကြသည်။

ထို့နောက် မျက်စိခွဲစိတ်ပြီး လူနာများအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်သယံဇာတရေး ရာဝန်ကြီး ဦးမြင့်စိုးနှင့်ဇနီးတို့က အားပေးစကားပြောကြားပြီး မျက်မှန်များ လှူဒါန်းပေးကြကာ မျက်စိခွဲစိတ်ကုသရန်အတွက် အလှူငွေများပေးအပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

မျက်စိဝေဒနာရှင်များကိုအား ခွဲစိတ်ကုသပေးနေမှုနှင့် ပတ်သက်၍  မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာသိန်းနိုင်က “ဒီရွှေကရုဏာဆေးခန်းမှာ လစဉ်အလှူရှင်တွေရဲ့ လှူဒါန်းမှုပေါ် မူတည်ပြီးတော့ လူနာတွေကို ပုံမှန်တစ်လတစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ် အခမဲ့ ခွဲစိတ်ကုသပေးလျက်ရှိပါတယ်။ မျက်စိဝေဒနာရှင်များအနေနဲ့ လာရောက်ပြသပြီး ကုသမှုခံယူ နိုင်ပါတယ်။ ဒါ့အပြင် စေတနာရှင်များအနေနဲ့လည်း ရွှေဂရုဏာဆေးရုံနှင့် ဆက်သွယ် လှူဒါန်းနိုင်ပါတယ်” ဟုပြောကြားသည်။

အသက်(၇၃)နှစ် ရှိပြီဖြစ်သော မျက်စိဝေဒနာရှင် ဦးဖိုးမြက “ကျနော့မျက်စိကိုမနေ့ကခွဲပါတယ်။ ယခင်ကကြည်ကြည်လင်လင်မမြင်ရ၊ မတွေ့ရ တာတွေကိုတွေ့မြင်ရလို့ ဝမ်းသာပိတီဖြစ်ရပါတယ်။ ရွှေဂရုဏာဆေးရုံ တာဝန်ရှိသူများ၊ အလှူရှင်များနှင့် ခွဲစိတ်ကုသပေးတဲ့ ဆရာဝန်ကြီးကိုလည်း ကျန်းမာပါစေလို့ ဆုတောင်းပေးပါတယ်” ဟုပြောကြားသည်။

ရွှေဂရုဏာစေတနာဆေးရုံကို တစ်ပတ်လျှင်(၆)ရက် ဖွင့်လှစ်ထားရှိပြီး (မျက်စိ၊အထွေထွေ) ရောဂါများအတွက် နေ့စဉ် စေတနာဝန်ထမ်း ဆရာဝန်များဖြင့် ကုသပေးလျက်ရှိကြောင်းနှင့် နေ့စဉ်ပျဉ်းမျှ လူနာ (၇၀) ကျော်ကို အခမဲ့ကုသပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း  ရွှေကရုဏာစေတာဆေးခန်းမှ ဦးကျော်သိန်းဝင်းက ပြောကြားသည်။

ဟန်ဝင်းအောင်၊ တင်ထွန်း (ပြန်/ဆက်)