မိုးကောင်း မတ် ၂၁
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးကောင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှကြီးမှူးကျင်းပသည့် “သစ်တောများနှင့်စီးပွားရေး” ဆောင်ပုဒ်ဖြင့် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မတ်လ(၂၁)ရက် နံနက်(၁၀)နာရီတွင်ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသီဟဇော်က အဖွင့်အမှာစကားပြောကြားသည်။ သစ်တော၊ သစ်ပင်ထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာဗဟုသုတတိုးပွားစေရန် ကမ္ဘာနှင့်အဝန်း အမျိုးအစားစုံလင်သော သစ်တောဂေဟစနစ်များ၏ အရေးပါမှုကိုသိရှိနားလည်စေရန်နှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရန်ရည်ရွယ်၍ ၂၀၁၂ ခုနှစ်မှစတင်၍ နှစ်စဉ် မတ်လ(၂၁)ရက်ကို အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့အဖြစ်သတ်မှတ်ထားကြောင်း၊ ယနေ့ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးလျှက်ရှိသော ဇီဝအခြေပြုစီးပွားရေး(Bio economy)အတွက် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍ၊ ရာသီဥတုသမမျှတစေရေးနှင့် စိုက်ပျိုးစီးပွါးဖွံ့ဖြိုးရေးကဏ္ဍ၊ ဂေဟစနစ်ဝန်ဆောင်မှုဖြင့် သဘာဝအခြေပြုနည်းလမ်းများဖြင့် စီးပွားရေးဆောင်ရွက်နိုင်မှုဖော်ဆောင်ရေးကဏ္ဍ၊ လူမှုဘဝဖွံ့ဖြိုးရေးနှင့် သက်ရှည်ကျန်းမာရေးကဏ္ဍများအတွက်ပါ သစ်ပင် သစ်တောများ၏အဓိကအခန်းကဏ္ဍများအတွက် ပါဝင်နေမှုများကို ကမ္ဘာသူကမ္ဘာသားများ မြှင့်တင်အသိပေးလိုသည့်အတွက် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ကို သစ်တောများနှင့်စီးပွားရေး(Forest and Economic) ဟူသောဆောင်ပုဒ်ဖြင့် ကျင်းပကြောင်း မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ပြောကြားသည်။
ဆက်လက်၍ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းမော်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပြီး အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အထိမ်းအမှတ် ဗီဒီယိုကို ပြသသည်။
အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့ပေါ်(၁၀)ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြောင်းသိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)