နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ဘုရားစေတီဂေါပကအဖွဲ့ဝင်များနှင့် တွေ့ဆုံ၊ စုပေါင်သန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

နေပြည်တော် မတ် ၂၁

ပြည်ထောင်စုနယ်‌မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်အတွင်းရှိ ဘုရားစေတီဂေါပကအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ တက်ရောက်လာကြသူများမှ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အစည်းအဝေးကိုစတင်ခဲ့ပြီး နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်အတွင်းရှိ   ဘုရားစေတီပုထိုးများနှင့် သာသနိကအဆောက်အအုံများအား ကြည်ညိုဖွယ်ဖြစ်အောင် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရန်လိုကြောင်း၊ ဂေါပကအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များအနေဖြင့်လည်း ဂေါပကအဖွဲ့ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ ဘုရားစေတီပုထိုးနှင့် သာသနိကအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ စိစစ်ဆောင်ရွက်ကြရန်လိုကြောင်း၊ ယခုအခါတွင် ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သည့်အတွက် သာသနိကအဆောက်အအုံများ မီးဘေးအန္တရာယ်ကင်းရှင်းစေရေး စီမံဆောင်ရွက်ကြရန်လိုကြောင်းနှင့် ဘုရားဖူးပြည်သူများ စိတ်အေးချမ်းစွာ ဖူးမြော်ကြည်ညိုနိုင်စေရေး စီစဉ်ဆောင်ရွက်ထားရှိရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် ဇေယျာသီရိခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောနိုင်၊   ပုဗ္ဗသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် ဂေါပကအဖွဲ့များမှ တာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြဆွေးနွေးကြရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေးအား ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့သည်။

ဆက်လက်၍ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် နေပြည်တော်အတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် ဥတ္တရသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်များမှ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများက နေပြည်တော် သတ္တသတ္တဟာစေတီတော်မြတ်ကြီး အတွင်း၊ အပြင်နှင့် လမ်းဘေးဝဲ‌ယာရှိ မြက်ပင်များ၊ ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ မြက်ဖြတ်စက်များဖြင့် ရှင်းလင်းဆောင်ရွက်ခြင်း၊ ရေစီး၊ ရေလာကောင်းမွန်စေရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ စွန့်ပစ်အမှိုက်များအား စုပေါင်းရှင်းလင်းခြင်း၊ အမှိုက်သရိုက်များအား အမှိုက်ကားများဖြင့် စနစ်တကျသိမ်းဆည်းစွန့်ပစ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင်သည် စုပေါင်းသန့်ရှင်းရေးလာရောက်ဆောင်ရွက်သည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား ဆန်နှင့် စားသုံးဆီများ၊ အသား၊ ငါး၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်  ရောင်းချပေးနေမှုအား ကြည့်ရှုအားပေးခဲ့‌ကြောင်း သိရသည်။

အောင်ကို(ပုဗ္ဗသီရိ)