ကချင်ပြည်နယ်ဝန်ကြီးချုပ် ဗလမင်းထင်စံပြစိုက်ကွင်းအတွင်း ပဲပုပ်ခင်း၊ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ကြဲပက်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ နှင့် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အခမ်းအနားသို့ တက်ရောက်

မြစ်ကြီးနား   မတ် ၂၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဗလမင်းထင်စံပြစိုက်ကွင်းအတွင်း မိုးစပါးအပြီး လယ်သီးထပ် နေကြာ၊ ပဲပုပ်များ စိုက်ပျိုးထားရှိပြီး လယ်သီးထပ် ပဲပုပ်ခင်းမြေသြဇာဖျန်းခြင်း၊ နေကြာသီးနှံ ပျားဖြင့် ဝတ်မှုန်ကူးခြင်း၊ ထယ်ရေးမဲ့ စပါးရိုးပြတ်ရိတ်ဖုံး စနစ်ဖြင့် စိုက်ပျိုးသည့် ပဲပုပ်ခင်း၊ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ကြဲပက်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲများနှင့် လယ်သီးထပ်အတွက် စိုက်ပျိုးစရိတ် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားများကို အဆိုပါ စံပြစိုက်ခင်းအတွင်း မတ် ၂၁ ရက် နံနက်ပိုင်းက ကျင်းပ ပြုလုပ်သည်။

ဦးစွာ လယ်သီးထပ်အတွက် ဆောင်းသီးနှံစိုက်ပျိုးသည့် တောင်သူများအတွက် စိုက်ပျိုးစရိတ် ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က စိုက်ပျိုးသီးနှံများ အထွက်တိုးပြီး ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်းစနစ် များ အပြင် သွင်းအားစုကလည်း အရေးကြီးကဏ္ဍတွင် ပါဝင်နေသည့်အတွက် အချိန်ကိုက်၊ အချိုးမှန်စွာ ဖြည့်ဆည်းဆောင်ရွက်နိုင်ရေးသည် အရေးကြီးပါကြောင်း၊ သို့ဖြစ်ပါ၍ တောင်သူဦးကြီးများ အနေဖြင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို နည်းစနစ်တကျ မှန်ကန်စွာ လိုက်နာဆောင် ရွက်ခြင်းအားဖြင့် ပန်းတိုင်အထွက်နှုန်းရရှိပြီး စိုက်ပျိုးမှုကုန်ကျစရိတ်လျော့နည်းပြီး စီးပွားဖြစ်ထွန်း လာမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ကွင်းအတွင်း လယ်သီးထပ် ဆောင်းသီးနှံ စိုက်ပျိုးကြသည့် တောင်သူ (၁၂)ဦးတို့၏ လယ်ဧက(၃၇ ဒသမ ၅၀)ဧကတို့အတွက် တောင်သူတစ်ဦးချင်း၏ စိုက်ပျိုးဧကအလိုက် တစ်ဧကလျှင် (၁)သိန်းနှုန်းဖြင့် လည်းကောင်း၊ သဘာဝမြေသြဇာအိတ်များ၊ ရွက်ဖျန်းမြေသြဇာ၊ ပဲပုပ်မျိုးစေ့များနှင့် နေကြာမျိုးစေ့အိတ်များကို လည်းကောင်း တောင်သူများထံ ပေးအပ်သည်။

 ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တောင်သူများနှင့်အတူ လယ်သီးထပ် ဆီထွက်သီးနှံ နေကြာ (ရေဆင်း-၁)စပ်မျိုး အထွက်တိုးစိုက်နည်းစနစ် စံပြစိုက်ခင်းအတွင်း ပျားဖြင့် ဝတ်မှုန်ကူးခြင်း လုပ်ငန်းဆောင်ရွက်စေခြင်းဖြင့် အထွက်နှုန်းတိုးပွားပြီး ဂေဟစီးပွား အကျိုးဖြစ်ထွန်း စေမှုအပေါ် လက်တွေ့သရုပ်ပြသမှု လည်းကောင်း၊ လယ်သီးထပ် ဆောင်းပဲပုပ် စံပြစိုက်ခင်းအတွင်း သီးနှံအထွက်နှုန်းနှင့်သီးနှံအရည်အသွေးမြှင့်တင်နိုင်ရေး ရွက်ဖျန်းမြေသြဇာပက်ဖျန်းခြင်း ကွင်းသရုပ် ပြသနေမှုကို လည်းကောင်း၊ တောင်သူများ စိုက်ပျိုးစရိတ်ကုန်ကျမှု သက်သာစေသည့် မိုးစပါးအပြီး ရိုးပြတ်ကျန်လယ်များတွင် ရိုးပြတ်ရိတ်ဖုံးနည်းစနစ်ဖြင့် စိုက်ပျိုးထား လယ်သီးထပ်ဆောင်းပဲပုပ်ပင် များ ဖြစ်ထွန်းအောင်မြင်မှုကို လည်းကောင်း၊ လယ်များအတွင်း မြေဆီလွှာအာဟာရ ပြန်လည်ဖြည့် တင်းရေးနှင့် မြေဆီလွှာရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လယ်ထွန်စက်ဖြင့် ထွန်ယက်၍ သစ်စိမ်း မြေသြဇာ(ပိုက်ဆံလျှော်)မျိုးစေ့များ ကြဲပက်စိုက်ပျိုးခြင်း တောင်သူအသိပညာပေး ကွင်းသရုပ်ပြသ မှုများကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ပြည်နယ်သစ်တောဦးစီးဌာနက ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အထိမ်း အမှတ်အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားသည်။ အခမ်းအနားတွင် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အထိမ်းအမှတ် ဗီဒီယိုကလစ်ကို ကြည့်ရှုအားပေးကြသည်။ ပြည်နယ်သစ်တောဦးစီးဌာနမှူးက သစ်တောများနှင့်ပတ်သက်၍ သိသင့်သိထိုက်သည်များ၊ ကချင်ပြည်နယ်အတွင်း သစ်တောဖုံးလွှမ်းမှု ဧရိယာများ ပိုမိုမြင့်မားလာစေ ရေး ‌ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် အခမ်းအနားတက်ရောက်လာ ကြသူများက ခန်းမအတွင်း ပြသထားသည့် သစ်တောနှင့်သက်ဆိုင်သည့် သိသင့်သိထိုက်သည်များပါဝင်သည့် ပိုစတာများအား ကြည့်ရှုအားပေးသည်။

ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ ညနေပိုင်းကလည်း ပြည်နယ်ဝန်ကြီးများ၊ ပြည် နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ပေါ်ရှိ အားကစားရုံ၊ အားကစားကွင်းများတွင် ပြည်နယ်၏အားကစားကဏ္ဍ  ဖွံ့ဖြိုးတိုးတက်စေရေး အတွက် အားကစားနည်းအလိုက် စခန်းသွင်းလေ့ကျင့်သင်ကြားပေးလျက်ရှိသည့် အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ငြိမ်းချမ်းသာယာအားကစားရပ်ဝန်းအတွင်းရှိ ငြိမ်းချမ်းသာယာဖူဆယ်အားကစားရုံ၌ နည်းပြများဖြင့် ဖူဆယ်အကယ်ဒမီ ဖွင့်လှစ်၍ သင်တန်းသား ၂၅ ဦးတို့အား ဖူဆယ်ဘောလုံး ကစားနည်း သင်ကြားပို့ ချပေးနေမှုများကို လည်းကောင်း၊ ကြက်တောင်အားကစားရုံ၌ ကြက်တောင်အားကစားနည်းအား သင်တန်းသား/ သင်တန်းသူ (၆၅)ဦးဖြင့် အသက်အရွယ်အလိုက် နည်းပြများက စခန်းသွင်းလေ့ကျင့် သင်ကြားနေမှုကို လည်းကောင်း၊ ဘော်လီဘောအားကစားရုံ၌ အမျိုးသား/အမျိုးသမီး (၁၃၁)ဦးတို့ အား စခန်းသွင်းလေ့ကျင့် သင်ကြားနေမှုကို လည်းကောင်း၊ ဂျူဒိုအားကစားရုံ၌ သင်တန်းသား/သင်တန်းသူ (၄၅)ဦးဖြင့် စခန်းသွင်းလေ့ကျင့်သင်ကြားနေမှုကို လည်းကောင်း၊ ငြိမ်းချမ်းသာယာဘောလုံး ကွင်းအတွင်း အသက် (၁၇)နှစ်အောက်နှင့် အသက် (၁၄)နှစ်အောက် အမျိုးသားဘောလုံးအတွက် သင်တန်းသား/ သင်တန်းသူ (၁၀၀)၊ အသက် (၂၅)နှစ်အောက် သင်တန်းသူ (၅၀)တို့ဖြင့် ဘောလုံးပညာရပ်များကို နည်းစနစ်ကျ စခန်းသွင်းသင်ကြားပို့ချပေးနေမှုများကို လည်းကောင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အားကစားနည်းအလိုက် ဆုတံဆိပ်များ ဆွတ်ခူးရရှိနိုင်ရေး၊ ပြည်နယ်လက်ရွေးစင်မှတစ်ဆင့် နိုင်ငံလက်ရွေးစင်အထိ တိုးတက်ကောင်းမွန် သည့် အားကစားသမားများ လေ့ကျင့် ယှဉ်ပြိုင်မွေးထုတ်ပေးနိုင်ရေး အထူးကြိုးစားကြရန်လိုကြောင်း မှာကြားခဲ့ကာသင်တန်းသားများအတွက် အားကစားဝတ်စုံများနှင့်အားကစားနည်းအလိုက် သင်ကြား ပို့ချပေးလျက်ရှိသော နည်းပြ (၂၇)ဦးတို့အတွက် ချီးမြှင့်ငွေကျပ် (၅၄)သိန်းကို ချီးမြှင့်ပေးအပ်ခဲ့ ကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်