ဒဂုံတောင် မတ် ၂၁
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြိုနယ်(၂၁)ရပ်ကွက်၊ မြရတနာလမ်းရှိ အမှတ်(၁၂) အခြေခံပညာအလယ်တန်းကျောင်းတွင် လူငယ်ကျောင်းသား၊ ကျောင်းသူများ စာရိတ္တမြင့်မားရေးနှင့် ဘာသာရေးအခြေခံ ကောင်းမွန်စေရန်ရည်ရွယ်၍ နွေရာသီဗုဒ္ဓဘာသာ ယဉ်ကျေးမှု အခြေခံသင်တန်းဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့ မွန်းတည့် ၁၂ နာရီတွင် ကျင်းပသည်။
ဦးစွာ တက်ရောက်လာသော ဧည့်သည်တော်များ၊ သင်တန်းနည်းပြဆရာ၊ ဆရာမများနှင့် သင်တန်းသား/ကျောင်းသူများက မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဩဝါဒါစရိယဆရာတော် ဘဒ္ဒန္တကောဝိဒထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။
ဆက်လက်၍ အမှတ်(၁၂) အခြေခံပညာအလယ်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်ယုယုကျော်က အဖွင့်အမှာစကားနှင့် ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်ရသည့်ရည်ရွယ်ချက်ကို ပြောကြားပြီး မြို့နယ်သာသနာနုဂ္ဂဟအသင်းမှ တာဝန်ရှိသူက ယဉ်ကျေးလိမ္မာသင်တန်း သင်ကြားခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် လှူဒါန်းမှုအစီအစဉ်ကိုဆောင်ရွက်ရာ ဗဟိုသာသနာနုဂ္ဂဟအသင်းမှ သင်တန်း တက်ရောက်သူ ကျောင်းသား/သူများအတွက် ဗလာစာအုပ် (၁၅၀)၊ ဦးဆန်းလွင်နှင့်ဒေါ်သီသီဦး မိသားစုမှ သားဖြစ်သူ မောင်ဝင်းမင်းထွဋ်၊ သမီးဖြစ်သူ မယမင်းသီရိတို့က ဗလာစာအုပ် (၁၈၀)အုပ်နှင့် ဘောပင် အချောင်း(၂၀၀)၊ ·ဦးကျော်ဝင်းမိသားစုမှ “ယဉ်ကျေးလိမ္မာမျိုးဆက်သစ်ရတနာ” အခြေခံ အဆင့်ဖတ်စာအုပ် (၂၀၀)အုပ်၊ အများကောင်းမှုမှ ဘောပင် အချောင်း (၂၀၀)နှင့်ဆော့ပင်စသည်တို့ကို လှူဒါန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူကြသည်။
ထို့နောက် သင်တန်းများဆက်လက်ပို့ချကြကြောင်းနှင့် သင်တန်းသို့ သင်တန်းသား၊သင်တန်းသူ ၁၅၀ခန့်တက်ရောက်ကြပြီး အဆိုပါသင်တန်းသည် ဒေသအတွင်းရှိ လူငယ်များ၏ ကိုယ်ကျင့်တရားနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုဆိုင်ရာ အခြေခံအသိပညာများ ဖွံ့ဖြိုးတိုးတက်လာစေရန် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း သိရသည်။
ဒဂုံတောင်ပြန်/ဆက်