ပျော်ဘွယ်မြို့နယ်၌ သစ်တောများ၊ ရေသယံဇာတများထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေးဟောပြော

ပျော်ဘွယ် မတ် ၂၁

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောများ၊ ရေသယံဇာတများထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေးဟောပြောခြင်းကို မတ်လ ၂၀ ရက်နေ့ ညနေ ၄ နာရီခွဲက ဖောင်းတောကျေးရွာအုပ်စု၊ ပေါအိုင်ရိုးကျေးရွာတွင် ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်သစ်တောဦးစီးမှူး ဦးအောင်ခင်ဦးက ကျေးရွာချင်းဆက်လမ်းများ၌ သစ်ပင်များစိုက်ပျိုးသွားနိုင်ရေး၊ စိုက်ပျိုးပြီးသစ်ပင်များအား ပြုစုပျိုးထောင်ထိန်းသိမ်းတတ်စေရေး၊ သစ်ပင်များနှင့်ရာသီဥတုဆက်နွယ်မှု၊ သန့်ရှင်းသောမြေအောက်ရေရရှိမှုတို့အပြင် မီးခိုးမြူငွေ့လျှော့ချနိုင်ရေးအတွက် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများနှင့် ဆက်စပ်ရောဂါများဖြစ်ပွားနိုင်သည့် စိုက်ပျိုးရေးသုံးစွန့်ပစ်ပစ္စည်းများ၊ သစ်ရွက်ခြောက်များနှင့် စွန့်ပစ်အမှိုက်များအား မီးမရှို့ဘဲ စနစ်တကျစွန့်ပစ်ခြင်း၊ အခြားနည်းဖြင့် ပြန်လည်အသုံးပြုခြင်း စသည့်နည်းလမ်းများကို ဆွေးနွေးဟောပြောသည်။

ဆက်လက်၍ ဟောပြောပွဲသို့တက်ရောက်လာသည့် ကျေးရွာနေပြည်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ မြို့နယ်သစ်တောဦးစီးမှူးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း၊ အလားတူ ကုန်းသာအုပ်စု၊ သဲပုတ်ကျေးရွာတွင်လည်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး (ပျော်ဘွယ်)