ပြင်ဦးလွင် မတ် ၂၀
၂၀၂၆ ခုနှစ် မတ် (၂၁) ရက်၌ ကျရောက်မည့် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့ မြန်မာနိုင်ငံသစ်တောကျောင်းရှိ ကျွန်းရတနာခန်းမဆောင်၌ ကျင်းပသည်။
ဦးစွာ မန္တလေးတိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီးဝဏ္ဏကျော်ထင် ဦးရွှေဇင်က “ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံက သစ်ပင်၊ သစ်တောထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာဗဟုသုတများတိုးပွားစေဖို့၊ ကမ္ဘာနှင့်အဝန်းရှိ သစ်တောဂေဟစနစ်များရဲ့ အရေးပါမှုကို ပိုမိုသိရှိနားလည်နိုင်စေဖို့နဲ့သစ်တော ထိန်းသိမ်းရေးလုပ်ငန်းများ အရှိန်မြှင့်တင်ဆောင်ရွက်နိုင်စေဖို့စသည်များကို ရည်ရွယ်ပြီး ၂၀၁၂ ခုနှစ်က စတင်၍ နှစ်စဉ်မတ်လ (၂၁)ရက်နေ့ကို အပြည်ပြည် ဆိုင်ရာ သစ်တောများနေ့ “International Day of Forests” အဖြစ် အထိမ်းအမှတ် အခမ်းအနားများ နှစ်စဉ်ကျင်းပဆောင်ရွက်လျက်ရှိပါကြောင်း အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ် ဂုဏ်ပြုအမှာစကားပြောကြားပြီး အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့အထိမ်းအမှတ် ဗီဒီယိုအား ပြသခဲ့သည်။
ဆက်လက်ပြီး တာဝန်ရှိသူများနှင့်အခမ်းအနားသို့ တက်ရောက်လာသူများက အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့အထိမ်းအမှတ် ပိုစတာများ လှည့်လည်ကြည့်ရှူခဲ့ကြကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)