တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးကျင်းပ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဒေါက်တာစန်းရွှေနှင့် ဒုတိယဥက္ကဋ္ဌအဖြစ် ဒေါက်တာ ထင်လင်းဦးအား ရွေးချယ်

စစ်တွေ       မတ်     ၂၀

တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်   ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို   ယနေ့နံနက်ပိုင်းက  ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပကာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဒေါက်တာစန်းရွှေနှင့် ဒုတိယဥက္ကဋ္ဌအဖြစ် ဒေါက်တာ ထင်လင်းဦးအား ရွေးချယ်တင်မြှောက်ခဲ့ကြသည်။

ဦးစွာ ရခိုင်ပြည်နယ်လွှတ်တော် သဘာပတိအဖြစ်  စစ်တွေမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးနိုင်ဦးအား  စစ်တွေမြို့နယ်  မဲဆန္ဒနယ်အမှတ်(၂)မှ  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ စန်းရွှေက အမည်စာရင်းတင်သွင်းပြီး မြောက်ဦးမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးက ထောက်ခံကာ ဦးနိုင်ဦးအား  သဘာပတိအဖြစ် ရွေးကောက်တင်မြှောက်ခဲ့သည်။ ဆက်လက်၍ ရွေးကောက်တင်မြှောက်ခြင်းခံရသော သဘာပတိက လွှတ်တော်ကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ သဘာပတိအဖြစ်လည်းကောင်း ကတိသစ္စာပြုကာ ကတိသစ္စာပြုလွှာတွင် လက်မှတ်ရေးထိုးသည်။ ဆက်လက်၍ သဘာပတိက နှုတ်ခွန်းဆက်စကား ပြောကြားပြီး တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပထမပုံမှန် အစည်းအဝေး(ပထမနေ့) စတင်ကျင်းပကြောင်းနှင့် အထမြောက်ကြောင်းကြေညာသည်။

ယင်းနောက် ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက သဘာပတိရှေ့တွင် ကတိသစ္စာပြုကြပြီး ကတိသစ္စာပြုလွှာတွင် လက်မှတ်ရေးထိုးကြသည်။ ဆက်လက်၍ အစည်းအဝေးမတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအတွက် ခွင့်ပန်ကြားကာ ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူသည်။

ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌရွေးကောက်တင်မြှောက်ခြင်းကိုကျင်းပရာ မြောက်ဦးမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးက စစ်တွေမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှဒေါက်တာစန်းရွှေအား အမည်စာရင်းတင်သွင်းရာ ကျောက်တော်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုးဝင်းက ထောက်ခံ၍ ဒေါက်တာစန်းရွှေအား ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအဖြစ်တင်မြှောက်သည်။

ထို့နောက် ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌအဖြစ် မြေပုံမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ     ဒေါက်တာ ထင်လင်းဦးအား သံတွဲမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်အောင်က အမည်စာရင်းတင်သွင်းရာ ကျောက်ဖြူမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆွေကထောက်ခံ၍  ဒေါက်တာ ထင်လင်းဦးအား ဒုတိယဥက္ကဋ္ဌ အဖြစ်ရွေးချယ်တင်မြောက်ကြသည်။

ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌတို့က သဘာပတိရှေ့မှောက်တွင် ကတိသစ္စာပြု၍ ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကြပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအား သဘာပတိကတာဝန်လွှဲအပ်သည်။

ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌကနှုတ်ခွန်းဆက်စကားပြောကြားပြီး တတိယအကြိမ်ရခိုင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး(ပထမနေ့)ကို ရပ်နားကြောင်းနှင့်  ဒုတိယနေ့ ဆက်လက်ကျင်းပမည့်နေ့အားကြေညာခဲ့ကြောင်း သတင်းရရှိသည်။

တင်ထွန်း (ပြန်/ဆက်)၊ ဟန်ဝင်းအောင် (ပြန်/ဆက်)