မိုးနဲမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်

မိုးနဲ မတ် ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ယမန်နေ့ညနေ ၂ နာရီအချိန် ဟိုခိုဘုန်းတော်ကြီးကျောင်းတွင် ပရိယတ္တိသဒ္ဓမ္မပါလ နွေရာသီသင်တန်းတက်ရောက်နေသော သံဃာတော်များအား စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နံရံကပ်စာစောင်ပြသခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နန်းမွမ်းဆိုင်က စာဖတ်ရှိန်မြှင့်တင်ရေး‌ ကွင်းဆင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပေးခဲ့ပြီး စာကြည့်တိုက်လက်ထောက်-၃ ဒေါ်စန္ဒာအောင်က စာအုပ်စာပေဖတ်ရှုခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများအား ပြောကြားပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး မူးယစ်ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်ပြသခြင်းနှင့် ဗဟုသုတရဖွယ်စာအုပ်များအားပြသခဲ့ရာ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်လိုက်ခြင်းကြောင့် ဗဟုသုတအသစ်များတိုးပွားလာခြင်း၊ အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်လာခြင်း၊ တစ်ဦးနှင့်တစ်ဦး အသိပညာများဖလှယ်နိုင်ခြင်းတို့အပြင် စာအုပ်စာစောင်များကိုပါ အလွယ်တကူ ဖတ်ရှုလေ့လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဇင်ကိုကို