ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

စစ်တွေ  မတ်  ၂၀

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စစ်တွေမြို့၊ မိဇံရပ်ကွက်၊ မြို့လယ်ချောင်းဘေး (ချောင်းနားလမ်း) ရေထိန်းနံရံပြုလုပ်ခြင်း၊ ပလက်ဖောင်းပြုလုပ်ငန်း၊ အသစ်ဆောင်ရွက်ခြင်း၊ လက်ရန်းပြုလုပ်ခြင်း၊ သံဇကာကာရံခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေမှုများနှင့် ဆက်လက်ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

ထိုသို့သွားရောက်ကြည့်ရှုစစ်ဆေးကြစဉ် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးကျော်မိုးက လုပ်ငန်းဆောင်ရွက်ပြီးစီးနေမှုနှင့် ဆက်လက်ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးမြင့်စိုးက ဖြည့်စွက်ရှင်းလင်းတင်သည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများအချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်သွားကြရန်နှင့် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လုပ်ငန်းများဆောင်ရွက် ပြီးစီးနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ မိဇံကမ်းနားလမ်း၊ အရှေ့ဖက်ဧစေတီမှ မိဇံဈေးရှေ့ထိ လမ်းဘေးဝဲ/ယာပလက်ဖောင်းနှင့် အုတ်ရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးနေမှုအားလည်းကောင်း၊ စစ်တွေမြို့၊ ခဝါသည်ချောင်းတူးဖော်ခြင်းလုပ်ငန်း (ကုလားတန်မြစ်ဝမှ လေယာဉ်ကွင်းသွားလမ်းတံတားထိ) လုပ်ငန်းဆောင်ရွက်နေမှုအားလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးကျော်မိုးက လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး လုပ်ငန်းပြီးစီးနေမှုများအား လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လမ်းဦးစီးဌာန၊ လမ်းအထူးအဖွဲ့ (၁၇) မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် စစ်တွေမြို့၊ ရှုခင်းသာလမ်း၊ အပိုင်း (၃) ပွိုင့်စခန်းမှ စစ်တွေဟိုတယ်လမ်းဆုံအတွင်း ကျောက်စီရေတားနံရံ တည်ဆောက်ခြင်း၊ ပလက်ဖောင်းတည်ဆောက်ခြင်း၊ ပျက်စီးသွားသောလမ်းပိုင်းအား အသစ်ပြန်လည်ခင်းခြင်း၊ ကွန်ကရစ်လမ်းတိုးချဲ့ခင်းခြင်း၊ Parapet wall တည်ဆောက်ခြင်း လုပ်းငန်းဆောင်ရွက်ပြီးစီးနေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးကြရာ လမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက လုပ်ငန်းဆောင်ရွက် ပြီးစီးမှုအခြအနေများအား ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားပြီး လုပ်ငန်းဆောင်ရွက်ပြီးစီးနေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။ 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်လမ်းဦးစီးဌာန သိုလှောင်ရုံ၌ ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဘေလီသံဘောင်နှင့် ဆက်စပ်ပစ္စည်းများ စုဆောင်းထားရှိမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးက သံဘောင်ဘေလီနှင့်ဆက်စပ်ပစ္စည်းများ ဝယ်ယူစုဆောင်းထားရှိမှုနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် အသုံးပြုမည့်အစီအမံများကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားပြီး သိုလှောင်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)