ချမ်းအေးသာစံ မတ် ၂၀
အခြေခံပညာကျောင်းများတွင် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေးအထောက်အပံ့ပေးရေး (တိုင်းဒေသကြီးအဆင့်) ဆင့်ပွားဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ချမ်းအေးသာစံမြို့နယ်၊ အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမဆောင်၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးပညာရေးမှူးရုံး၊ ဒုတိယပညာရေးမှူး (စီမံကိန်း/ စာရင်းအင်း/ ကွန်ပျုတာ) ဆရာကြီးဦးမိုးက “ကိုယ်စိတ်နှစ်ဖြာကျန်းမာပျော်ရွှင်ခြင်းဟာ လူသားတိုင်းမိမိဘဝ အောင်မြင်ရပ်တည် ရှင်သန်နိုင်ရေးအတွက် အရေးကြီးတဲ့အခြေအနေတစ်ရပ်ဖြစ်ပါတယ်။ ကျန်းမာပျော်ရွှင်သူဖြစ်မှသာ မိမိကိုယ်ကို ယုံကြည်မှူရှိကာ တခြားသူများနှင့်ဆက်ဆံရေးကောင်းမွန်ပြီး ဘဝအခက်အခဲများနှင့် စိန်ခေါ်မှုများကို ဖြတ်ကျော်နိုင်မှာဖြစ်တယ်။ ကျန်းမာပျော်ရွှင်သော ဆရာ/ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများသာ အကြောင်းအမျိုးမျိုးကြောင့် ခံစားနေရတဲ့ စိတ်ဖိစီးမှုများကို ဖြေရှင်းကျော်လွှားနိုင်ပြီး သင်ယူမှုတွေမှာ ပိုမိုအာရုံစိုက်နိုင်ကာ အောင်မြင်မှုများစွာကို ရရှိနိုင်ပါဖြစ်ပါတယ်” စသည်တို့ကို ပြောကြားခဲ့သည်။
အဆိုပါ ဆင့်ပွားဆွေးနွေးပွဲ သင်တန်းကာလကို မတ်လ ၂၀ ရက်နေ့မှ မတ်လ ၂၂ ရက်နေ့အထိ သတ်မှတ်ထားပြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သင်တန်းသားဆရာ၊ ဆရာမစုစုပေါင်း ၃၀၆ ဦးအား သင်တန်းနည်းပြ ၃၃ ဦးဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)