ငါန်းဇွန် မတ် ၁၉
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့၌ မြို့ပေါ်ရပ်ကွက်များအတွင်း မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးသတိမူရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့ မွန်းတည့် ၁၂ နာရီက အသံချဲ့စက်ဖြင့် လှည့်လည်ဆော်ဩခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ယခုအခါသည် ပွင့်လင်းခြောက်သွေ့သော ရာသီသို့ရောက်ရှိလာပြီ ဖြစ်ပါသောကြောင့် အောက်ပါမီးဘေးကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြရန် အသိပေးနှိုးဆော်ခဲ့သည်။
အိမ်တိုင်း အိမ်တိုင်းတွင် မီးချိတ်၊ မီးကပ်၊ သဲ၊ ရေ၊ လှေခါး၊ မီးသတ်ဆေးဘူးများ၊ ပြည်စုံစွာထားရှိ ဆောင်ရွက်ရန်၊ မီးဖိုမီးသုံးစွဲသူများအနေဖြင့် ထမင်းဟင်းချက်ပြုတ်ရာတွင် (၄)ပေပတ်လည် (၂)ပေ အနက် မြေကျင်းတူးပြီး အပူဒဏ်ခံနိုင်သော အုတ်၊ သံပြားများဖြင့် ကာရံ၍ ချက်ပြုတ်သုံးစွဲကြရန်၊ ဟောင်းနွမ်းဆွေးမြေ့နေသော လျှပ်စစ်ပစ္စည်းများ၊ လျှပ်စစ်ဝါယာကြိုးများကို အသစ်လဲလှယ် တပ်ဆင်ပြီးမှသာ သုံးစွဲကြရန်၊ လျှပ်စစ်ဓာတ်အားကို သတ်မှတ်ခံနိုင်ဝန်ထက် ပိုမိုသုံးစွဲခြင်း မပြုကြရန်၊ လမ်းသွားရင်း သော်လည်းကောင်း၊ ယာဉ်စီးရင်းသော်လည်းကောင်း၊ ဆေးလိပ်သောက်ခြင်း လုံးဝမပြုကြရန်၊ ညအိပ်ချိန်များတွင် မီးကြွင်းမီးကျန်များ၊ ဖယောင်းတိုင်မီးများနှင့် လျှပ်စစ်မီးများကို သေချာစွာ ပိတ်ငြှိမ်းပြီးမှသာ အိပ်စက်အနားယူကြရန်၊ မီးဖိုမီးသုံးစွဲခြင်းနှင့် ထမင်းဟင်းချက်ပြုတ်ချိန်အား နေ့စဉ် နံနက် (၅)နာရီမှ နံနက်(၁၀)နာရီအထိလည်းကောင်း၊ ညနေ(၄)နာရီမှ ည(၇)နာရီအထိလည်းကောင်း သုံးစွဲကြရန်၊ နေအိမ်ဝန်းကျင်များတွင် အမှိုက်များ၊ မီးလောင်လွယ်သော လောင်စာ ပစ္စည်းများကို စုပုံထားခြင်း၊ မပြုလုပ်ရန်နှင့် အမှိုက်များ မီးရှို့ပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ အသိပေး အကြောင်းကြားပြီးမှသာ ဆောင်ရွက်ရန်၊ မီးသုံးစွဲသည့် လုပ်ငန်းများအနေဖြင့် မီးသတ်ဦးစီးဌာန၏ မီးဘေးလုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်၊ မီးသတ်ယာဉ်များ အလွယ်တကူ ဝင်/ထွက်သွားလာနိုင်ရေးအတွက် လမ်းများရှင်းလင်းထားရှိရန်နှင့် လမ်းနှင့်မလွတ်သော သစ်ပင်သစ်ကိုင်းများ၊ လျှပ်စစ်ဝါယာကြိုးများအား ရှင်းလင်းထားကြရန်၊ မီးလောင်/မီးလန့်မှုများ ဖြစ်ပွားပါက မြို့နယ်မီးသတ်ဦးစီးဌာန ၀၆၆-၂၀၄၆၂၃၂ သို့ အမြန်ဆုံး ဆက်သွယ်အကြောင်းကြားကြရန်၊ အထက်ပါ မီးဘေးကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန်နှင့်လိုက်နာရန် ပျက်ကွက်ပါကမည်သူမဆို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဉပဒေအရ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)