မြစ်ကြီးနား မတ် ၁၈
ကချင်ပြည်နယ်၊ ပူတာအိုမြို့အား 7th ASEAN ESC Award နှင့် 6th Certificate of Recongnition ဆုများအတွက် ထည့်သွင်းယှဉ်ပြိုင်နိုင်ရေး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန် အတွက် မတ် ၁၇ ရက် ညနေပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး ခါကာဘိုရာဇီခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်နယ်ရွေးချယ်ရေးကော်မတီ၏ ပထမအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းဝေးမှသိရသည်။
အဆိုပါ ပူတာအိုမြို့အား ထည့်သွင်းယှဉ်ပြိုင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ရာတွင် ရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးက ပူတာအိုမြို့သည် မြန်မာနိုင်ငံမြောက်ပိုင်းတွင်တည်ရှိပြီး အေးချမ်းသာယာသည့် ရာသီဥတု၊ ရေခဲဖုံးလွှမ်းသည့် တောင်တန်းကြီးများဖြင့် ဝန်းရံနေပြီး ရေမြေတောတောင် သဘာဝအလှတရားများနှင့် ပြည့်စုံနေပါကြောင်း၊ ထို့ကြောင့် ပူတာအိုမြို့၏ သန့်ရှင်းသာယာလှပမှု၊ ပတ်ဝန်းကျင်နှင့် ညီညွတ်မှုကို အာဆီယံနိုင်ငံများအကြား ပြသနိုင်ပြီး နိုင်ငံ၏ ပုံရိပ်ကို မြှင့်တင်ပေးရာ ရောက်စေသည့်အပြင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးကို များစွာအထောက် အကူပြုစေမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဆန်းနိုင်က အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးသော မြို့များဆု ASEAN ESC Award နှင့် Certificate of Recognition ဆုများအတွက် သတ်မှတ်ချက်များနှင့် ပူတာအိုမြို့အား ထည့်သွင်ယှဉ်ပြိုင်နိုင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်သွားရမည့် သတ်မှတ်လုပ်ငန်းစဉ်များအား ပါဝါပွိုင့်နှင့် ရှင်းလင်းတင်ပြပြီး ၂၀၂၅ ခုနှစ်တွင် ဆုရရှိခဲ့သည့် ဘားအံ့မြို့၏ ပြိုင်ပွဲဝင် ဗီဒီယိုကလစ်အား ဖွင့်လှစ်ပြသမှုကို ကြည့်ရှုခဲ့ကြသည်။
ဆက်လက်၍ ယှဉ်ပြိုင်နိုင်ရေးအတွက် သတ်မှတ်ချက်များနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအပေါ် ကော်မတီအဖွဲ့ဝင် ပြည်နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ က သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော်ရမည့် လုပ်ငန်းစဉ်များအပေါ် အကြံပြုဆွေးနွေး တင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးက လုပ်ငန်းစဉ်များအား သတ်မှတ်ချက်များနှင့်အညီ အမြန်ဆုံး ကြိုတင်ပြင် ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးသော မြို့များဆု အစီအစဉ်ကို ၂၀၀၈ ခုနှစ်က စတင်ပြီး (၃)နှစ်တစ်ကြိမ် ကျင်းပခဲ့ခြင်းဖြစ်ရာ အဆိုပါ ဆုအတွက် အာဆီယံအဖွဲ့ဝင် နိုင်ငံများ၏ သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် မြို့များကို အမည်စာရင်းတင်သွင်းကာ ယှဉ်ပြိုင်စေခြင်းဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် ၂၀၀၈ ခုနှစ်တွင် တောင်ကြီးမြို့၊ ၂၀၁၁ ခုနှစ်နတွင် ပြင်ဦးလွင်မြို့၊ ၂၀၁၄ ခုနှစ်တွင် ရန်ကုန်မြို့၊ ၂၀၁၇ ခုနှစ်တွင် နေပြည်တော်၊ ၂၀၂၁ ခုနှစ်တွင် ညောင်ဦး မြို့နှင့် ၂၀၂၅ ခုနှစ်တွင် ဘားအံ့မြို့တို့ကရရှိပြီး အဆိုပါဆု အစီအစဉ်တွင် ပါဝင်ခြင်းအားဖြင့် သန့်ရှင်းသည့်ရေ၊ မြေ၊ လေရရှိစေရေးအတွက် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲနှု၊ ရေဆိုးသန့်စင်မှု၊ သန့်ရှင်းသည့်သောက်သုံးရေ ရရှိနိုင်မှုစသည့် ရေသယံဇာထိန်းသိမ်းမှုနှင့် စီမံခန့်ခွဲမှုများ၊ လေထုအရည်အသွေးတိုင်းတာစစ်ဆေးမှုနှင့် သန့်ရှင်းအောင် စီမံဆောင်ရွက်မှုများ၊ သစ်တောထိန်းသိမ်းမှုများ အပါအဝင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ဆောင်မှုကို ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)