မြစ်ကြီးနား မတ် ၁၈
ကချင်ပြည်နယ်အတွင်း ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ကျင်းပပြုလုပ်နိုင်ခဲ့ပြီး စက်မှု၊ စိုက်ပျိုးမွေးမြူရေးတက္ကသိုလ်ဝင်တန်း စာမေးပွဲကိုလည်း စာ စစ်ဌာန (၃)ခုဖွင့်လှစ်၍ ဘာသာရပ်အလိုက် ဖြေဆိုလျက်ရှိရာ ယနေ့စာမေးပွဲ နောက်ဆုံးနေ့အဖြစ် မြစ်ကြီးနားမြို့ အစိုးရနည်းပညာအထက်တန်းကျောင်းစာစစ်ဌာန၌ ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုကို ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းက လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ လိုက်လံကြည့်ရှုစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးသည် ပြည်နယ်ပညာရေးမှူး ဦးစိုးသိုက်၊ အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ အစိုးရနည်းပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးနေမှုအခြေအနေများ၊ စာစစ်ဌာနအတွင်း ကျန်းမာရေးစောင့်ရှောက်မှုဆေးပေးခန်းဖွင့်လှစ် ဆောင်ရွက်နေမှု၊ ကြီးကြပ်ရေးမှူးရုံးခန်းတို့၌ စာမေးပွဲလုပ်ငန်းစဉ်များအတိုင်း ကြပ်မတ်ဆောင်ရွက်ပေးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးသည် အဆိုပါစာစစ်ဌာန စာဖြေခန်းများအတွင်း စက်မှု၊ စိုက်ပျိုး မွေးမြူရေးတက္ကသိုလ်ဝင် စာမေးပွဲအတွက် စာရင်းရှိ ကျောင်းသား/ ကျောင်းသူဦးရေ (၆၈)ဦးအနက် မြို့ပြပုံဆွဲဘာသာရပ်တွင် ဖြေဆိုသူ (၂၄)ဦး၊ အခြေခံပရိုဂရမ်မိတ်ဆက်ဘာသာရပ်၌ ဖြေဆိုသူ (၂၂) ဦး နှင့် စက်မှုပုံဆွဲဘာသာရပ်၌ ဖြေဆိုသူ (၂၂)ဦး စုစုပေါင်း (၆၈)ဦးလုံး အေးချမ်းစွာဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီးမွန်းတည့် (၁၂)နာရီတွင် အဆိုပါ ကျောင်းသား/ ကျောင်းသူများ စာမေးပွဲဖြေဆိုပြီး ပြန်လည်ထွက်ခွာလာမှုကို ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက အာဟာရဖြစ်မုန့်နှင့် ဖျော်ရေဘူးများကို ပေးအပ်ခဲ့ကြသည်။
အဆိုပါ စက်မှု၊ စိုက်ပျိုးမွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲကို ကချင်ပြည်နယ်အတွင်း စာစစ်ဌာန (၃)ခုဖွင့်လှစ်၍ သက်ဆိုင်ရာဘာသာရပ်အသီးသီး၌ စာရင်းရှိ ကျောင်းသား/ ကျောင်းသူဦးရေ (၂၀၀) ဦးရှိပြီး (၂၀၀) ဦးလုံး ပျက်ကွက်မရှိ ရာနှုန်းပြည့် အေးချမ်းစွာဖြေဆိုနိုင်ခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)