မိုးနဲ မတ် ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် မြန်မာရိုးရာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ့ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်က မြန်မာ့ရိုးရာနှစ်သစ်ကူး သင်္ကြန်ပွဲတော်ကို မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံများနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သဖြင့် သင်္ကြန်ပွဲတော်ကျင်းပရေးကော်မတီများ အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်နှင့် မဏ္ဍပ်ဆောက်လုပ်ရေးကိစ္စများ၊ သင်္ကြန်ပွဲတော်အတွင်းရေရရှိရေးကိစ္စများ၊ စတုဒီသာကြွေးမွေးရေးကိစ္စများ၊ သင်္ကြန်ယိမ်းအကဆောင်ရွက်ရမည့်ကိစ္စများ၊ သက်ကြီးပူဇော်ပွဲ ကျင်းပပြုလုပ်နိုင်ရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စများအား တက်ညီလက်ညီ ပူးပေါင်းဆာင်ရွက်သွားရန် ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသော သင်္ကြန်ပွဲတော်ကျင်းပရေး ဦးစီးလုပ်ငန်းကော်မတီအသီးသီးမှ မဏ္ဍပ်တည်ဆောက်ရေးလုံခြုံရေး၊ ယိမ်းအဖွဲ့များဖြင့် ဖျော်ဖြေရေး၊ အခမ်းအနား ပြင်ဆင်ဆောင်ရွက်ရေးနှင့် ပြည်သူများအေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရေးတို့ကိုဆွေးနွေးခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့က သက်ဆိုင်ရာကဏ္ဍအလိုက် လိုအပ်ချက်များ ကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)