ဟိုပုံး မတ် ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် ဒေသအဆင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအား အတတ်ပညာသာမက အသိပညာဗဟုသုတများရှာမှီးနိုင်ရန်၊ နိုင်ငံ့အနာဂတ်စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်မှုများ အရှိန်အဟုန်မြင့်မားလာစေရန်၊ စာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ စာဖတ်သည့်ဓလေ့၊ စာကြည့်တိုက်များသို့ သွားလာအသုံးချနိုင်မည့် အလေ့အကျင့်များဖြစ်လာစေရန်၊ ပညာဗဟုသုတပြည့်ဝ၍ အနာဂတ်တွင် နိုင်ငံတော်အတွက် ဦးဆောင်ဦးရွက်ပြုသူများဖြစ်စေရန် ရည်ရွယ်၍ (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က နောင်တောင်း သီလရှင်ကျောင်း၌ ကျင်းပသည်။
အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ ဦးစီးအရာရှိ ဒေါ်နန်းခမ်းခြူးက လူငယ်လူရွယ်များသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တန်ဖိုးဖြတ်မရသည့် ရတနာများဖြစ်ဖြစ်သဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိအမြင်အတွေးအခေါ်များနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေပြီး ငယ်စဉ်ကတည်းက စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိကာ စာပေချစ်မြတ်နိုးစိတ်များ ကိန်းအောင်းနေစေရန်အတွက် “စာဖတ်ရှိန်မြှင့်တင်ရေး” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်မင်းဦးက မီးခိုးမြူငွေ့နှင့်ပတ်သက်၍ အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်ပြပွဲအား ခင်းကျင်းပြသခဲ့ရာ နောင်တောင်း သီလရှင်ကျောင်းမှ သီလရှင်များက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြပြီး မိမိတို့ကြိုက်နှစ်သက်သည့် စာအုပ်စာစောင်များအား ဖတ်ရှုမှတ်သားလေ့လာခဲ့ကြပြီးနောက် မီးခိုးမြူငွေ့အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)